ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ စစ်မှုထမ်းခံရသူ တပ်သား(၂)ဦး လက်နက် အပြည့်အစုံဖြင့် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ စစ်မှုထမ်းခံရသူ တပ်သား(၂)ဦး လက်နက် အပြည့်အစုံဖြင့် ဒေါနစစ်ကြောင်းထံ အလင်းဝင်

 ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မစစ်မှုထမ်းခံရပြီး ခမရ(၅၅၈)တွင် တာဝန်ထမ်းဆောင်နေရသည့် တပ်သား(၂)ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဒေါနတပ်ရင်း၊ ဗျူဟာ(၃၃)နယ်မြေအတွင်းသို့ အလင်းဝင် ရောက်လာကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်လာသည်။

အမှတ်(၅၅၈) ခြေမြန်တပ်ရင်းမှ တပ်သားများဖြစ်သည့် အာကာတင်လင်းသည် MA 2 အမျိုးအစား သေနတ် (၁)လက် ၊ ကျည်ဘောက် (၃)ခု ၊ ကျည် အတောင့်(၁၀၀)၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၁)လုံး  နှင့် vest (၁)ထည်ဖြင့် လည်းကောင်း၊ တပ်သား နေလင်းအောင်သည်  MA1 အမျိုးအစား သေနတ်(၁)လက် ၊ ကျည်ဘောက် (၃)ခု ၊ ကျည် (၉၅)တောင့် ၊ ပို့ကျည် (၅)တောင့် ၊ အီနာဂါ (၃)လုံး ၊ နင်းမိုင်း (၁)လုံး နှင့် vest (၁)ထည်ဖြင့် လည်းကောင်း ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၂)ဦးသည် ရွာတွင် နွားကျောင်းနေရင်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစစ်မှုထမ်းခံရသူဖြစ်ပြီး ပုလောအခြေစိုက် အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း နှင့် ဝဲကလိအခြေစိုက် အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း မှ သင်တန်းဆင်း တပ်သားများ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု အလင်းဝင်ရောက်လာသူ (၂)ဦးက စစ်ကောင်စီတပ်၏ အနိုင်ကျင့်မှုကို မခံဘဲ ပြန်လည်တိုက်ခိုက်သွားမည်ဟုလည်း အလင်းဝင်ရောက်ချိန်တွင် ပြောသည်။

 "CDM အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုလက်ခံပြီး ၊ ကျန်ရှိနေ​သော စစ်ကောင်စီတပ်သားများ အနေဖြင့် အလကား အသေမခံဘဲ အချိန်ရှိတုန်း ပြည်သူနဲ့ပူးပေါင်းပါ" ဟု ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က အသိပေး ပြောကြားသည်။

စစ်ကောင်စီတပ်၏  ပြည်သူ့စစ်မှုထမ်းအမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်ကနေ ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအပြင်  နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်း ဒေါနစစ်ကြောင်းက အသိပေး တိုက်တွန်း ထားသည်။