စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၅)စီးဝန်းကျင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံများ၏ အဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ရပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ မတ်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာများဖြင့် စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာတို့ကို ၂၀၂၅ခုနှစ် မတ်လ(၂၄)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်ကနေ ည(၉)နာရီခွဲဝန်းကျင်အထိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းနေ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်နှင့် အဆောက်အဦးများစွာ ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျေးရွာတွင်းသို့ ကျရောက်သော်လည်း မပေါက်ကွဲသေးဘဲ ကျန်နေသည့် လေယာဉ်ဗုံးသီးအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပြည်သူများဘေးအန္တရာယ် ထိခိုက်မှုမရှိစေရန် ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ဒေသခံပြည်သူများ အလုပ် လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းနေရာအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း မန္တလေး PDF က ဆိုသည်။
ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်အတွင်း လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး(၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။