ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မြန်မာ့အရေး တရုတ်ဝင်ရောက်စွပ်ဖက်မှုကို ဆန့်ကျင်ဆန္ဒပြသူ (၈)ဦးအား MNDAA က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
တရုတ်၏ မြန်မာ့အရေး ဝင်ရောက်စွပ်ဖက်မှုကို ဆန့်ကျင်သည်ဟုဆိုကာ ၂၀၂၅ ခုနှစ် မတ်လ(၂၀)ရက်နေ့က ပြောက်ကျားလှုပ်ရှားမှုသပိတ်ပြုလုပ်ခဲ့သူ (၈)ဦးကို ၂၀၂၅ခုနှစ် မတ်လ (၂၃)ရက်နေ့ ညပိုင်းတွင် MNDAA က ဖမ်းဆီးသွားပြီး ယမန်နေ့တွင် (၆)ဦး ပြန်လွတ်လာသည်ဟု သိရသည်။
" ၈ ယောက်ကို ထိန်းသိမ်းလိုက်တာ။ ၆ ယောက် မနေ့က ပြန်လွှတ်တယ်။ ၂ ယောက်ကို ထပ်ပြီးတော့ မေးမြန်းစရာရှိတယ်ဆိုပြီးတော့ ထိန်းသိမ်းထားသေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဖမ်းဆီးခံရသည့်အထဲတွင် နိုင်ကျဥ်း(၅)ဦးနှင့် အရပ်သား (၃)ဦး ပါဝင်သည်ဟု ဆိုသည်။
မြန်မာ့ပြည်တွင်းရေးအပေါ် တရုတ်အစိုးရ၏ ဝင်ရောက်စွတ်ဖက်မှုကို ဆန့်ကျင်ကြောင်း လားရှိုးမြို့တွင် ဆန္ဒပြရန် ၎င်းတို့က MNDAA ထံ စာတင်ခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဟု ဆိုသည်။
"ခွင့်ပြုချက်မရတာကို လုပ်လိုက်ကြလို့ ထိန်းသိမ်းခံရတာ။ ကျွန်တော်တို့က ပြည်သူတွေပါ။ အဆုံးရှုံးခံရတယ်။ သေရတယ်။ အကျိုးအမြတ်ရတာက တိုက်ပွဲဖော်ဆောင်တဲ့ သူတွေက ရသွားတယ်လေ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
သပိတ်လှုပ်ရှားမှုများကို လွတ်လပ်ရေးပန်းခြံ၊ လေယာဉ်ကွင်း၊ ၆၂၆ တပ်နံရံရှေ့၊ ထွေအုပ်ရုံးရှေ့၊ အထက-၈ ကျောင်း၊ ရပ်ကွက် ၅ ၊ ဘုရားပွဲတော်တို့တွင် "တရုတ်ကြားဝင်စွတ်ဖက်မှုများ ချက်ချင်းရပ်"ဟူသည့် စာသားများကိုကပ်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
"ဆက်ဖမ်းထားသူနှစ်ဦးကိုတော့ ခဏပဲ ဆက်ထိန်းသိမ်းထားမယ်လို့တော့ သိရသည်။ ဒါပေမယ့် ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ရင် ထောင်ချနိုင်တယ်။" ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
ရှမ်းမြောက်ရှိ လက်နက်ကိုင်အဖွဲ့များသည် တရုတ်ကိုလည်း မလွန်ဆန်နိုင်ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
"ဆန္ဒပြသူတွေကို ထိန်းသိမ်းထားတယ် မနေ့က ၈ ယောက်လို့သိရတယ်။ ၈ ယောက်လုံးကို ခံဝန်နဲ့ပြန်လွတ်ပေးမယ်လို့ သိရတယ်။ အမှတ် ၁ ရဲစခန်းထဲမှာ။ အဝတ်အစားကနေ ခြေရာခံမိတယ်ပြောတယ်။" ဟု MNDAA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီနှင့် MNDAA တို့သည် မတ်လ (၂၂)ရက် နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆွေးနွေးနေပြီး ဆွေးနွေးပွဲ မအောင်မြင်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဒေသခံပြည်သူများက လေကြောင်းရန်အန္တရယ် စိုးရိမ်နေကြသည်။
#TachileikNewsAgency