ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ထန်းကုန်းရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ကာ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါ ကျေးရွာကို ၂၀၂၅ ခုနှစ် မတ်လ(၂၂)ရက်နေ့နှင့် မတ်လ(၂၃)ရက်နေ့တို့တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၂၅)နှစ်အရွယ် ကိုစန်းလင်းအောင် သေဆုံးသွားကာ ဒေါ်ဌေးဌေး၊ ကိုဇော်မိုး၊ ကိုထွန်းနိုင်နှင့် မသူဇာမြင့်တို့တွင် ဒဏ်ရာများ ရသွားကြကြောင်း သိရသည်။
“တိုက်ပွဲဲဖြစ်ပွားခြင်းမရှိ အကြောင်းမဲ့ပါပဲဗျ။ စစ်ကြောင်းထိုးတာလည်း မရှိ၊ တိုက်ပွဲဖြစ်ထားတာလည်း မရှိပါဘူး။”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် တပ်ရင်း ၃၅၀၂ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်စွန်ရဲက Tachileik News Agency ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့နှင့် မြို့အနီး ကန်ကလေး-ပေါက်ကုန်းရွာတို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်များက လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အုတ်တွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ မြို့စိုးတံတားအနီးတွင် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း ပေါင်းတည်မြို့နယ် စမ်းမအိုင်ရွာတွင်လည်း ယမန်နေ့ည သန်းခေါင်ကတည်းက ယနေ့နံနက်အထိ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် (၂)ဦးသေဆုံးကာ (၇)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
#TachileikNewsAgency