၂၀၂၅ မြန်မာ အတာသင်္ကြန်အတွက် အိမ်နီးချင်းနိုင်ငံအချို့က နှစ်သစ်ဆုတောင်းပို့

၂၀၂၅ မြန်မာ အတာသင်္ကြန်အတွက် အိမ်နီးချင်းနိုင်ငံအချို့က နှစ်သစ်ဆုတောင်းပို့
ဧပြီ 14, 2025 | အခြားဒေသများ

၂၀၂၅ မြန်မာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးအတွက် မြန်မာနိုင်ငံရှိ အိမ်နီးချင်းနိုင်ငံအချို့၏သံရုံးများက နှစ်သစ်ဆုတောင်းများ ပေးပို့ထားသည်ကို တွေ့ရသည်။

"မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဘေးဘယာကင်းဝေးကြပါစေဟု တောင်းဆုပြုအပ်ပါသည်"ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဧပြီလ (၁၃)ရက်နေ့တွင် ဖော်ပြထားသည်။

အလားတူ ထိုင်းနိုင်ငံကလည်း "ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ လူတိုင်းအတွက် သင်္ကြန်ပွဲတော်အတွင်း စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုကို ရရှိနိုင်ကြပါကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မကြာသေးမီက မြေငလျင်ဖြစ်ရပ်ကြောင့် ထိခိုက်ခံခဲ့ရသူများအတွက်လည်း သည်းခံအားတင်းထားပြီး တတ်နိုင်သမျှအမြန်ဆုံး ပြန်လည်ထူထောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ထိုင်းနိုင်ငံ၏ အထူးကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့သည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် ထိုင်းပြည်သူများကလည်း မြန်မာပြည်သူ ပြည်သားများအတွက် အကူအညီများကိုစဥ်ဆက်မပြတ် ဆက်လက်ပေးဆောင်နေဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မြန်မာပြည်သူများကို အမြဲတမ်း ထောက်ခံအားပေးနေပါတယ်။"ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ (၁၃)ရက်နေ့တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (ဆုန်ကရန်)ကို မြန်မာသင်္ကြန်ကာလနှင့် တစ်ချိန်တည်းအတူ ကျင်းပနေခြင်းဖြစ်ပြီး ဆုန်ကရန်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က အသိအမှတ်ပြုခံထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကလည်း ဧပြီလ (၁၄)ရက်နေ့တွင် "မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနေသည့် အခါသမယတွင် အိန္ဒိယနိုင်ငံ၏ Baisakhi၊ Bihu၊ Vishu၊ Puthandu နှင့် Pohela Boishakh ပွဲတော်များလည်း တပြိုင်နက်တည်း ကျင်းပနေသောအခါသမယဖြစ်သောကြောင့် မကောင်းမှုများကို ‌အေးမြကြည်လင်သောရေဖြင့် ဆေးကြောသန့်စင်နိုင်ပါစေ၊ ပိတောက်ပန်းများ ပွင့်လန်းလာမှုနှင့်အတူ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကိုလည်း ဖော်ဆောင်နိုင်ပါစေ၊ အသီးအနှံများလည်း ပေါကြွယ်ဝကြပါစေ။"ဟု ဖော်ပြထားသည်။

"ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာပြည်သူများအား ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်နှစ်သစ်တစ်ခုကို ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မြန်မာပြည်သူများအတွက် ခက်ခဲသောအချိန်ကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နှင့်အတူ ရပ်တည်လျက်ရှိပြီး၊ မြန်မာပြည်သူများသည် ခံနိုင်ရည်ရှိစွာဖြင့် အတိတ်ကာလကဲ့သို့ပင် ၎င်းတို့၏နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။"ဟု မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ဧပြီလ (၁၁)ရက်နေ့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ခြင်းမရှိတော့ဖြစ်နေချိန်တွင် ၂၀၂၅ ခုနှစ် သင်္ကြန်ကာလမှာလည်း မတ်လ (၂၈)ရက်နေ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် အပြိုအပျက်များအောက် ပိတ်မိနေသူများအား နိုင်ငံတကာကို အကူအညီတောင်းကာ ယခုအချိန်ထိ ရှာဖွေနေကြရဆဲဖြစ်သည်။

#TachileikNewsAgency