ရန်ကုန်-ပြည်ကားလမ်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သည်ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံမှ သိရသည်။
ပဲခူးတိုင်း မင်းလှမြို့နယ် စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းတွင် အထိုင်ချထားသော စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ (၁)နာရီခွဲကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ်သား(၇)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရသည်ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
အထိနာသည့် စစ်ကောင်စီတပ်သည် အလောင်းကောက်၍ ဆုတ်ခွာသွားစဉ် ၎င်းတို့အသုံးပြုသည့် ကာဘိုင်သေနတ် တစ်လက်၊ ကျည်ဘောက် (၁)ခု၊ ကျည်အတောင့် (၂၀)၊ စစ်အသုံးအဆောင်တချို့နှင့် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် စစ်ကောင်စီတပ်၏ ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သော်လည်း ယနေ့ မတ်လ(၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်နေရာယူထားသည်ဟု ဆိုသည်။
ထို့ကြောင့် ယနေ့နံနက်(၁၀)နာရီကျော်တွင် အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် ပြည်သူများအား ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂