တေးရေး/တေးဆို အောင်ပါစေ၏ "ဗုံတီးမယ်"တေးသီချင်းဗီဒီယိုနှင့် ပတ်သက်ပြီး သရုပ်ပျက် ကပြဖျော်ဖြေခြင်းနှင့် ညစ်ညမ်းသည့် အဓိပ္ပာယ်ပေါက်စေနိုင်သော အဓိပ္ပာယ်နှစ်ခွ သီချင်းစာသားများဖြင့် ဖန်တီးထား၍ဟု ဆိုကာ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက အမှုဖွင့် အရေးယူရန် လုပ်ဆောင်နေကြောင်း ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ထုတ် နိုင်ငံပိုင်း သတင်းစာများကနေ သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။
တေးရေး/တေးဆို အောင်ပါစေ၏ "ဗုံတီးမယ်"တေးသီချင်းသည် မြန်မာ့တူရိယာဗုံ နှင့် ပတ်မများကို ပြက်ရယ်ပြု စော်ကားသဖွယ် ဖြစ်နေသည့် သရုပ်ပျက် ကပြဖျော်ဖြေမှု နှင့်အတူ တေးသီချင်းစာသားများမှာ ညစ်ညမ်းသည့် အဓိပ္ပာယ်ပေါက်စေနိုင်သော အဓိပ္ပာယ်နှစ်ခွဖြစ်နေ၍ဟုဆိုကာ တေးသီချင်းဗီဒီယိုတွင် ပါဝင်သူများကို အမှုဖွင့် အရေးယူနိုင်ရန် စိစစ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
"ဗုံတီးမယ်"တေးသီချင်းဗီဒီယိုအား ၂၀၂၅ခုနှစ် မတ်လ(၃)ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် ထုတ်လွှင့်ပြသထားခြင်းဖြစ်ပြီး အွန်လိုင်းပေါ်တွင် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
အရပ်သားအစိုးရလက်ထက်က တေးသီချင်းဗီဒီယိုများနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စိစစ်ရေးအဖွဲ့များထံ တင်ပြရန် မလိုဘဲ မိမိဘာသာ တာဝန်ယူမှု တာဝန်ခံမှုဖြင့်သာ ဆက်သွယ်ရေးကွန်ရက်( Online ) ပေါ်တွင် ထုတ်လွှင့် ပြသခွင့်ရှိခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီမှ ၂၀၂၄ခုနှစ် မတ်လ(၁၃)ရက်နေ့က "ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်"ထုတ်ပြန်လိုက်ပြီးနောက် အွန်လိုင်းပေါ်တွင် ရုပ်ရှင်ဗီဒီယိုနှင့်တေးသီချင်းဗီဒီယို ထုတ်လွှင့်ပြသသူများအနေဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင် မဖြစ်မနေ ရယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။