ထိုင်းနိုင်ငံသို့ ဗီဇာဖြင့်လာသူများ သက်တမ်းတိုးလိုပါက မြန်မာနိုင်ငံရှိ နေထိုင်ရာမြို့၏ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာလိုဟု ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးက အသိပေး ကြေညာ 

ထိုင်းနိုင်ငံသို့ ဗီဇာဖြင့်လာသူများ သက်တမ်းတိုးလိုပါက မြန်မာနိုင်ငံရှိ နေထိုင်ရာမြို့၏ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာလိုဟု ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးက အသိပေး ကြေညာ 

 (၁၄)ရက် ဗီဇာအပြင် ခရီးသွားဗီဇာဖြင့် လာရောက်သူများ သက်တမ်းတိုးလိုပါက မြန်မာနိုင်ငံရှိ နေထိုင်ရာမြို့နယ် ရဲစခန်းနှင့် ရပ်ကွက် ထောက်ခံစာလိုသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးက ၂၀၂၅ခုနှစ် မတ်လ(၁၇)ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။ 

(၁၄)ရက် ဗီဇာကင်းလွတ်ခွင့်အပြင် ခရီးသွားဗီဇာနှင့် လာရောက်သူများအနေဖြင့် ဗီဇာသက်တမ်းတိုးရန် ထောက်ခံစာလာရောက်ရယူပါက မြန်မာနိုင်ငံရှိ နေထိုင်ခဲ့သော ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ (မိတ္တူ)နှင့် ထိုင်းနိုင်ငံ၌ နေထိုင်နေသည့် လိပ်စာ TM 30 (မူရင်း)တို့အား တင်ပြလျှောက်ထားရမည်ဟု ဆိုသည်။ 

 ချင်းမိုင် မြန်မာကောင်စစ် ဝန်ရုံးအနေဖြင့် (၁၄)ရက် ဗီဇာကင်းလွတ်ခွင့်နှင့် ခရီးသွားဗီဇာဖြင့် လာရောက်သူများအား ဗီဇာသက်တမ်းတိုးရန် ထောက်ခံစာ မှအပ ကျန်ထောက်ခံစာများကို ဆောင်ရွက်ပေးတော့မည် မဟုတ်ဘဲ ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့်ဗီဇာ ရရှိ ထားသူများသာ ထောက်ခံစာ(အမျိုးမျိုး)နှင့် နိုတြီဝန်ဆောင်မှုများကို လျှောက်ထားခွင့်ရှိသည်ဟု ဆိုသည်။ 

ရေရှည်နေထိုင်ခွင့်ဗီဇာ ရရှိထားသူများအနေဖြင့် နိုတြီပြုလုပ်လိုသည့် စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနများက စာရွက်စာတမ်းမှန်ကန်ကြောင်း လက်မှတ်ရေးထိုး ခွင့်ရှိသူအရာရှိ၏ လက်မှတ်နှင့် တံဆိပ်တုံးများ ပြည့်စုံစွာပါရှိရမည်ဟုလည်း ဆိုသည်။

နိုတြီပြုလုပ်လိုသည့် စာရွက်စာတမ်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာအရာရှိ လက်မှတ်ရေး ထိုးသည့်နေ့မှစ၍ (၆)လသက်တမ်းအတွင်း၌သာ ရှိရမည်ဖြစ်ပြီး သတ်မှတ် သက်တမ်းကျော်လွန်နေပါက နိုတြီ ဝန်ဆောင်မှုအား ပြုလုပ်ပေးမည်ဟု ဆိုသည်။ 

ကောင်စစ်ဝန်ချုပ်ရုံးတွင် နိုတြီဝန်ဆောင်မှုရယူသည့်အခါ နိုတြီဘာသာပြန်စာရွက် (မူရင်း)၊ နိုတြီပြုလုပ်လိုသည့် စာရွက်စာတမ်း (မူရင်း+မိတ္တူ)တို့နှင့်အတူ အချက်အလက်များအား ဖော်ပြထားသည့် နိုင်ငံကူးလက်မှတ် အပေါ် စာမျက်နှာ (ရောင်စုံ-Color)နှင့် နိုင်ငံကူးလက်မှတ်အတွင်းရှိ စတစ်ကာများ၊ တံဆိပ်တုံးများ ဖော်ပြပါရှိသော စာ မျက်နှာများ၏ မိတ္တူများ(ရောင်စုံ-Color)၊ မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ တို့ကို ပူးတွဲ တင်ပြလျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။ 

(၁၄)ရက်ဗီဇာသည် မြန်မာနိုင်ငံရှိ ထိုင်းသံရုံတွင် နေထိုင်ခွင့်လျှောက်ထားရန်မလိုအပ်ပဲ ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်နိုင်သည်။

ခရီးသွားဗီဇာမှာ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် (၂)လနေထိုင်ခွင့်လျှောက်ထား၍ ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်နိုင်ပြီး သက်တမ်းကုန်ပါက တစ်လထပ်မံ သက်တမ်းတိုးနိုင်သဖြင့် (၃)လနေထိုင်ခွင့်ရှိသည်။