ပဲခူးတိုင်းရှိ စစ်ကောင်စီထောက်ခံသူများနှင့် ဖွဲ့စည်းထားသော သတင်းစာဆရာအသင်းတွင် အာဏာသိမ်းမှုဖြစ်ပြီး ဥက္ကဌဟောင်းက အာဏာသိမ်းသည့် လူသစ်များကို တရားစွဲဆိုထားသည်ဟု ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။
မြဝတီ၊ ကြေးမုံစသည့် နိုင်ငံပိုင်သတင်းစာများတွင် စာရေးသား၍ စစ်တပ်ကို ထောက်ခံခဲ့သော ဦးစိန်လှိုင်ဘို(ဥက္ကဌ)နှင့် အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းသတင်းစာဆရာအသင်း (MJA) ဖြစ်လာသော်လည်း ပဲခူးတိုင်း ကြံ့ဖွံ့ပါတီ ပြန်ကြားရေး တာဝန် ထမ်းဆောင်နေသည့်အပြင် စစ်သင်တန်းလည်း တက်ဖူးသော ဖြိုးကိုလင်း(ညောင်ဝိုင်း)ဆိုသူက အာဏာသိမ်းကာ ဥက္ကဌ တက်လုပ်ခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့အာဏာသိမ်းတော့ ပိတ်ထားတဲ့ ပဲခူးတိုင်းသတင်းစာဆရာအသင်းရုံးခန်းကို ရိုက်ဖွင့်လို့ဆိုပြီး ဦးစိန်လှိုင်ဘိုတို့ဘက်က တရားစွဲထားတာ။”ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဖြိုးကိုလင်းနှင့်အဖွဲ့က ပဲခူးတိုင်းသတင်းစာဆရာအသင်းမှ အမှုဆောင် ကော်မတီဝင်ဟောင်းများကို ဖြုတ်ချ၍ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရန် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း အတွင်းရေးမှူး ဇေယျာမြတ်ခိုင်ထံ လာဘ်ငွေပေးခဲ့ရပြီး ယခုပြဿနာဖြစ်ချိန်တွင် ဇေယျာမြတ်ခိုင်မှာ ခေါင်းရှောင်သွားပြီး အသင်းကိုလည်း ယာယီဟု ပြန်လည်ပြင်ဆင်လိုက်သည်ဟု ဆိုသည်။
“ဇေယျာမြတ်ခိုင်ကို ပိုက်ဆံပေးပြီးတော့ အသစ်ဖွဲ့စည်းတာ။ ခန့်လိုက်တဲ့ သူတွေကလည်း သတင်းစာလောကက မဟုတ်ဘူး။ စစ်တပ်၊ ရဲသတင်းပေးတွေ။ ဇေယျာမြတ်ခိုင်ခွင့်ပြုချက်နဲ့ စာရင်းသွင်းပြီး အာဏာသိမ်းလိုက်ကြတာပေါ့။”ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက ဆက်ပြောသည်။
ပဲခူးတိုင်းသတင်းစာဆရာအသင်းကို အသစ်ပြန်လည်မဖွဲ့စည်းမှီ ယခင်က အသင်းအမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဖြိုးကိုလင်းနှင့် ဦးမောင်လတ်တို့နှစ်ဦးသည် ဇေယျာမြတ်ခိုင်ထံ လာဘ်ငွေပေးခဲ့ခြင်းကြောင့် မီဒီယာကျင့်ဝတ်နှင့် မီဒီယာစည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ အသင်းမှ ထုတ်ပယ်ကြောင်း ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဦးစိန်လှိုင်ဘိုတို့က ထုတ်ပြန်ခဲ့သေးသည်။
သို့သော် ဖြိုးကိုလင်းနှင့် အဖွဲ့သည် ၂၀၂၅ခုနှစ် မတ်လ (၁၃)ရက်နေ့တွင် ပဲခူးတိုင်းသတင်းစာဆရာအသင်းမှ ဥက္ကဌ ဦးစိန်လှိုင်ဘို အပါအဝင် အသင်းအမှုဆောင် ကော်မတီဝင်များကို ဖြုတ်ချကာ အဖွဲ့ဝင်(၁၅)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
“ဦးမောင်လတ်ဆိုတာကလည်း ရဲအင်ဖော်မာ သတင်းပေးပဲ ဘာသတင်းမှ မရေးတတ်ဘူး။”ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းသို့ ဖြိုးကိုလင်းနှင့် အဖွဲ့က ကော်မတီဝင်များကို ဖြုတ်ချကာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့်အတွက် လက်ရှိတွင် လူဟောင်းများက ဖြိုးကိုလင်းနှင့်အဖွဲ့ကို ပဲခူးတိုင်း တရားရုံးတွင် တရားစွဲဆိုထားသည်ဟု သိရသည်။
“လူဟောင်းတွေကလည်း သတင်းစာဆရာနည်းနည်းတော့ပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးနဲ့ စစ်တပ်ကို ထောက်ခံသူတွေပဲ။ အခုအာဏာသိမ်းလိုက်တဲ့ သူတွေကလည်း ပါတီက လူတွေရယ် ရဲသတင်းပေးတွေရယ်ပဲ။”ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိအသစ်ဖွဲ့စည်းထားသည့် ပဲခူးတိုင်းသတင်းစာဆရာအသင်းတွင် သတင်းစာဆရာများ မပါဝင်ဘဲ လုပ်ငန်းရှင်များနှင့် ပါတီဝင်များသာ ပါဝင်သည်ဟုလည်း သိရသည်။
“တက်လာတဲ့ အစိုးရကိုဖားမယ်၊ လုပ်ငန်းရှင်တွေကို အကျိုးပြုအောင် အကြိုက်လိုက်လုပ်ပေးမယ် ဆိုတဲ့ပုံစံမျိုးပဲ။”ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ဆက်ပြောသည်။
မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ကာ ဦးမြတ်ခိုင်က ဥက္ကဌအဖြစ် တာဝန်ယူထားကာ ၎င်း၏ သားဖြစ်သူ ဇေယျာမြတ်ခိုင်အား အတွင်းရေးမှူးရာထူးအဖြစ် ခန့်ထားသည်။
ဦးမြတ်ခိုင်သည် မြန်မာစာနယ်ဇင်းလောကတွင် ပေါ့ပ်လိုင်းဟုခေါ်ဆိုသော Yellow Journalism လောကမှဖြစ်သည်။
အဆိုတော်နှင့် သရုပ်ဆောင်များ၏ မကောင်းကြောင်း ဖွသတင်းများရေးသားရာတွင် နာမည်ကြီးပြီး ယခင်က မဟာဂျာနယ်၊ ကောင်းသတင်းဂျာနယ်၊ ဂီတသတင်းစဉ်ဂျာနယ်နှင့် ကြီးပွားမဂ္ဂဇင်းကို ထုတ်ဝေဖူးသည်။
ထို့အပြင် လျှပ်တစ်ပြက်ဂျာနယ်၊ မော်နီတာသတင်းဂျာနယ်တို့ကိုလည်း ထုတ်ဝေဖူးကာ စစ်ကောင်စီတပ်ကို ထောက်ခံသူဟု လူသိများသည်။
#TachileikNewsAgency