တိုင်းစစ်ဌာနချုပ်များရှိ လေ့ကျင့်ရေးကျောင်းများတွင် စစ်ကောင်စီတပ်က အဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် အပတ်စဉ် (၁၁) ပြည်သူ့စစ်မှုထမ်းသင်တန်းကို စတင်သင်ကြားနေပြီဟု စစ်ကောင်စီဘက်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်မှုထမ်းရသူများကို ရန်ကုန်မြို့ ပြည်လမ်း ရှစ်မိုင်လမ်းဆုံအနီးရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် အခြေစိုက်သော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပုသိမ်မြို့တွင် အခြေစိုက်သော အနောက်တောင်တိုင်းစစ်ဌာနချုပ် နှင့် ကျိုင်းတုံမြို့တွင် အခြေစိုက်သော တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် စစ်သင်တန်းပေးနေသည်ဟု သိရသည်။
စစ်ကောင်စီသည် ပြည်တွင်းရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များကို အပတ်စဉ်တစ်ခုလျှင် လူဦးရေ (၄၅၀၀)ဦးနှုန်း ခေါ်ယူစစ်မှုထမ်းစေခိုင်းနေရာ အပတ်စဉ်(၁၁)အထိ ရှိလာပြီဖြစ်ပြီး သင်တန်းဆင်းတပ်သားများကို ရှေ့တန်းများသို့ ပို့ဆောင်နေ၍ သေဆုံးသူများရှိနေသည်။
#TachileikNewsAgency