မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရွှေစာရံလမ်းပိုင်းတွင် ၂၀၂၅ခုနှစ် မတ်လ (၁၅)ရက်နေ့ ညနေပိုင်းက ကားမှောက်ပြီး ခရီးသည်(၆)ဦးသေဆုံးသည်ဟု လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပြင်ဦးလွင်ဘက်မှ ပုသိမ်ကြီးမြို့နယ်သို့ ရွှေစာရံဘုရားပွဲလာပြီးအပြန် စဥ့်ကိုင်နှင့် ပုသိမ်ကြီးမြို့နယ်အကြား မီးသွေးဖုတ်ကျေးရွာအနီးတွင် တိမ်းမှောက်သည်ဟု သိရသည်။
“အရှိန်လွန်ပြီး ချောက်ထဲထိုးကျသွားတာလို့ သိရပါတယ်။ မိုးကြိုးရွာမက ဒေသခံတွေပါ။ ရွှေစာရံအသွား ကားမှောက်လို့ (၅)ဦး သေတယ်လို့ ကနဦး သတင်းရလို့ သွားကူတာပါ။ စဉ့်ကိုင်ကို (၃) ဦး၊ မန္တလေးကို (၂)ဦး ပို့ပေးလိုက်တယ်။ တစ်ဦးကတော့ ညသန်းခေါင်မှာ ဆုံးတယ်လို့ သိရပါတယ်။”ဟု ကူညီပေးခဲ့သူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကားပေါ်တွင် ပြင်ဦးလွင်မြို့ မိုးကြိုးရွာမမှ ဒေသခံ(၁၃)ဦး လိုက်ပါလာခြင်းဖြစ်ပြီး သေဆုံးသူ (၆)ဦးတွင် ကလေး (၃)ဦး အပါ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ဖြစ်သည်ဟု သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို စေတနာမွန်လူမှုရေးအသင်း(အုန်းချော)က စဥ့်ကိုင်ဆေးရုံနှင့် မန္တလေးဆေးရုံကြီးတို့ကိုပို့ဆောင်ပေးခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ သန္တိသုခလူမှုကူညီရေးအသင်းကလည်း အသင်းကားများနှင့် လိုက်ပါကူညီပေးခဲ့သည်ဟု သိရသည်။
မန္တလေးမြို့၏ အရှေ့တောင်ဘက် (၁၄)မိုင်ကျော်ကွာဝေးသော မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ရွှေစာရံရွာတွင် ရွှေစာရံဘုရား တည်ထားခြင်းဖြစ်သည်။
ရွှေစာရံဘုရားသည် ကျော်လေးဆူ စာရင်းဝင်ဖြစ်ခြင်း၊ မြွေကိုက်ခံရသူတို့ ဘုရားရောက်လျှင် မြွေဆိပ်ပြေခြင်း၊ ဆွမ်းဦးတင်မည့်သူ အမြဲရှိခြင်းနှင့် ဆုတောင်းပြည့်ခြင်း စသောအကြောင်းများကြောင့် ထင်ရှားကျော်ကြားသည်။
#TachileikNewsAgency
Photo: စေတနာမွန်လူမှုရေးအသင်း