ဝီဂါများအား တရုတ်ပြန်ပို့သည့် ထိုင်းအစိုးရ တာဝန်ရှိသူ အဟောင်း၊ အသစ်များအား အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်

ဝီဂါများအား တရုတ်ပြန်ပို့သည့် ထိုင်းအစိုးရ တာဝန်ရှိသူ အဟောင်း၊ အသစ်များအား အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်

ဝီဂါများကို တရုတ်နိုင်ငံ ပြန်ပို့မှုနှင့် သက်ဆိုင်သည့်ထိုင်းအစိုးရ တာဝန်ရှိသူများအား အမေရိကန်က ၂၀၂၅ ခုနှစ် မတ်လ (၁၄)ရက်နေ့မှစ၍ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်လိုက်သည်။

တရုတ်နိုင်ငံတွင် ဖိနှိပ်ခံရမှုကြောင့် ထိုင်းနိုင်ငံတွင်း ခိုလှုံခွင့်တောင်းထားသည့် ဝီဂါမွတ်ဆလင် (၄၈)ဦးကို ထိုင်းအစိုးရက ဖေဖော်ဝါရီ (၂၇) ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်ပို့မှုနှင့်ပတ်သက်၍ အမေရိကန်က ယင်းကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ချက်ချင်းသက်ရောက်မည့် ဗီဇာကန့်သတ်မှုတွင် ဝီဂါအပါအဝင် အခြားလူနည်းစု တိုင်းရင်းသား သို့မဟုတ် ဘာသာရေးအစုအဖွဲ့များမှ လုံခြုံရေး အကာအကွယ်စိုးရိမ်သူများအား တရုတ်နိုင်ငံသို့ ဖိအားပေး ပြန်ပို့သည့် ထိုင်းအစိုးရ၏ ယခင်နှင့် ယခု တာဝန်ရှိသူများပါဝင်သည်ဟု ဖော်ပြထားပြီး အကျုံးဝင်သူအမည်စာရင်းကိုမူ ထုတ်ပြန်ထားခြင်း မရှိသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်တွင် နေထိုင်ကြသည့် သန်းနှင့်ချီသော တူရကီနွယ်ဖွား ဝီဂါလူမျိုးစုကို တရုတ်အစိုးရက အကျဉ်းထောင်ကြီးသဖွယ် ပိတ်လှောင်ထားခြင်းဖြစ်ရာ အဆိုပါနေရာမှ ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်လာသူများအား ပြန်ပို့ပါက အသက်အန္တရာယ် စိုးရိမ်ရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားကြသည်။

ဝီဂါများအား ဖိအားပေးပြန်ပို့မှုနှင့်ပတ်သက်၍ ထိုင်းအစိုးရသည် ပြည်တွင်းမှ မကျေနပ်မှုများအပြင် နိုင်ငံတကာမှ ဝေဖန်မှုများကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါဝီဂါများအား လက်ခံမည်ဟု အမေရိကန်၊ ကနေဒါနှင့် ဩစတေးလျတို့က ထိုင်းအစိုးရထံ ကမ်းလှမ်းမှုများရှိခဲ့သော်လည်း တရုတ်သို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency