ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မြန်မာ့အရေးကို တရုတ်အစိုးရက ဝင်ရောက်စွပ်ဖက်နေသည်ဟုဆိုကာ ဒေသခံပြည်သူများက ဆန္ဒပြရန် ကိုးကန့်တပ်(MNDAA)ထံ စာတင်ပြထားသည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။
ဒေသခံများက လာမည့် ၂၀၂၅ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ပေါ်၌ တရုတ်အစိုးရကို ဆန္ဒပြရန် စာတင်ထားကြပြီး မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း၊ ညီနောင်မဟာမိတ်(၃)ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဖိအားပေးခြင်း မပြုလုပ်ရန် စသည့်အချက်များ ပါဝင်သည်ဟု ဆိုသည်။
“ဆန္ဒပြဖို့စာတင်ထားတာ ဟုတ်တယ်။ မနေ့က အဲဒီကိစ္စကို တိုင်ပင်ကြတယ်။ MNDAA ဘက်ကတော့ လက်မှတ်မထိုးပေးသေးဘူး။ ဆန္ဒပြမှာတော့ သေချာတယ်။”ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကိုးကန့်တပ်(MNDAA)နှင့် စစ်ကောင်စီတို့၏ မတ်လဆွေးနွေးပွဲမတိုင်မီ ကိုးကန့်ခရိုင် (၄)ခု၏ စစ်ဦးစီးချုပ်များကို တရုတ်က အရေးတကြီးခေါ်ယူ၍ မတ်လ(၁၁)ရက်နေ့က သွားရောက်ကြသည်ဟုလည်း သူက မတ်လ(၁၂)ရက်နေ့တွင် Tachileik News Agency ကိုပြောဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးအပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဒေသများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်သည့် MNDAA၏ ကိုးကန့်ခရိုင်၊ မုံးကိုးခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်တို့မှ စစ်ဦးစီးချုပ်များကို တရုတ်ဘက်က ခေါ်ယူသည့်အတွက် ၂၀၂၅ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅)ရက်နေ့က MNDAA နှင့် စစ်ကောင်စီတို့ ကူမင်းမြို့၌ ဆွေးနွေးခဲ့ကြပြီးနောက် ဇန်နဝါရီလ(၁၈)ရက်နေ့မှစတင်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးလိုက်ကြသည်။
ထို့နောက် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့ပြီး ယခု မတ်လ(၂၂)ရက်နေ့တွင် MNDAA နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ပင် ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။
မတ်လ (၁၁)ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun သည် စစ်ခေါင်းဆောင်အား နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုအပေါ် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေကိုလည်း ဆွေးနွေးသွားသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA သည် လားရှိုး၊ လောက်ကိုင် အပါအဝင် မြို့ပေါင်း(၉)မြို့ ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားသည်။
#TachileikNewsAgency