စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ပန်းညိုရွာကို မီးတင်ရှို့သဖြင့် စာသင်ကျောင်းနှင့် နေအိမ်(၅၀)ဝန်းကျင် မီးလောင်ပျက်စီးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ပန်းညိုရွာကို ၂၀၂၅ခုနှစ် မတ်လ (၁၁)ရက်နေ့က ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားရာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။
“ဒီနေ့မနက်မှာပဲ စစ်ကြောင်းဟာ မြောင်နယ် ပန်းညိုရွာမှ ရေစကြိုနယ် မြေတော်ရွာကိုရောက်သွားကြပါတယ်။ ပန်းညိုရွာကိုတော့ စစ်ဘေးရှောင်များ အများစုနေပြီး ကြားကာလပညာရေးအတွက် ပညာသင်ပေးနေသော စာသင်ကျောင်း အဓိကထား မီးရှို့သွားတာကို တွေ့ရပါတယ်။ စုစုပေါင်း ပြည်သူနေအိမ် (၅၀)ကျော်ခန့်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။”ဟု CDSOMမှ တာဝန်ရှိသူ ကိုနွေဦးက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
စစ်ကောင်စီတပ်သည် ပန်းညိုရွာကို ရေစကြိုမြို့နယ် သာခေါင်ရွာမှတဆင့် ရေတပ်၊ ကြည်းတပ်တို့ဖြင့် နှစ်ဖက်ညှပ်ကာ မတ်လ(၁၁)ရက်နေ့ ညပိုင်းတွင် စစ်သင်္ဘောတစ်စီးနှင့် သံခွန်တစ်စီးတို့ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် မတ်လ (၁၀)ရက်နေ့က သာခေါင်ရွာသို့ရောက်ရှိနေသည့် အဆိုပါ စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်သွားသည်ဟု ဆိုသည်။
မတ်လ (၇)ရက်နေ့ကလည်း ရေစကြိုမြို့နယ်ရှိ ဇရပ်နီရွာသို့ရောက်ရှိနေသော စစ်ကောင်စီတပ်သည် သာခေါင်လေးရွာကို စစ်ကြောင်းထိုးမီးရှို့ပြီးနောက် သာခေါင်ကြီးရွာသို့ ထပ်မံစစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြပြီး စစ်ကောင်စီတပ်က မြောင်မြို့နယ်ရှိ ပန်းညိုရွာဘက်သို့ လက်နက်ကြီးနှင့် စက်သေနတ်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံများ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
#TachileikNewsAgency
Photo:Ko Nway Oo-Myaung