မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပြန်ပေးဆွဲခံထားရသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး (၄)ရက်မြောက်နေ့အထိ ပြန်မလွတ်လာသေးသလို အဆက်အသွယ်လည်း ပြတ်တောက်နေပြီး ရဲတပ်ဖွဲ့ဘက်က စုံစမ်းရှာဖွေမှုမရှိခြင်းကြောင့် မိသားစုများက စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။
တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာတွင် နေထိုင်သူ အသက်(၆၂)နှစ်ဝန်းကျင်ရှိ ဒေါ်နန်းစံရှဲန်ကို ၂၀၂၅ခုနှစ် မတ်လ(၁၀)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က အမည်မသိ အမျိုးသား(၂)ဦးသည် Crown အမျိုးအစား အဖြူရောင်ကားဖြင့် လာရောက်ကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။
ဒေါ်နန်းစံရှဲန်အား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့ မတ်လ(၁၄)ရက်နေ့ဆိုလျှင် (၄)ရက်မြောက်ပြီ ဖြစ်သော်လည်း မည်သည့် သတင်းမှ မကြားရသေးကြောင်း သိရသည်။
"သူတို့အိမ်ကို ရဲတွေကတော့ အသေးစိတ် စစ်ဆေးမေးမြန်းသွားတာတွေ ဘာညာ လုပ်ပေမဲ့ ဒီနေ့အထိ ထူးခြားမှု မရှိဘူးလို့ သိရတယ်။ ထုံးစံအတိုင်း ရဲတွေက မေးရုံပဲ မေးသွားပြီး စုံစမ်းရှာဖွေတာ မလုပ်ဘူးထင်တာပဲ။"ဟု မယ်ယန်းကျေးရွာနေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးမှု ဖရိုဖရဲဖြစ်နေ၍ ခိုးဆိုးလုယက်မှုများမှာ နေ့ရော ညပါ ဖြစ်ပွားနေသလို ယခုလို ပြန်ပေးဆွဲမှုများမှာလည်း မကြာခဏ ဖြစ်ပွားနေလျှက်ရှိပြီး တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသည့် ဖြစ်စဉ် များပြားနေသည်။