မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းဇလဲကျေးရွာ ၂၀၂၅ခုနှစ် မတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းသဖြင့် လူဦးရေ(၂၀၀၀)ဝန်းကျင် အရေးပေါ်အကူအညီလိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မုန်းဇလဲကျေးရွာသည် ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းကာ လေတိုက်ခတ်မှုကြောင့် အိမ်ခြေ(၄၀၀)နီးပါး မီးလောင်ကျွမ်းသွားသည်ဟု သိရသည်။
"မုန်းဇလဲရွာ မြောက်ပိုင်းတစ်ခုလုံး မီးလောင်သွားတယ်။ ပေါ့ဆလို့လောင်သွားတာ။ ဘယ်ကစလောင်တာလဲဆိုတာမသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
မီးဘေးကြောင့် ဒေသခံတချို့လည်း ထိခိုက်မှုရှိခဲ့ပြီး မီးသတ်ကားများ ရောက်လာသော်လည်း မီးမရှိန်အထိန်းနိုင်သဖြင့် ဘေးလွတ်ရာရှောင်ရင်း နေအိမ်များ မီးလောင်ကျွမ်းကုန်သည်ဟု ဆိုသည်။
“ဘာပစ္စည်းမှလည်း ယူချိန်မရလိုက်ကြဘူး။ နေဖို့စားဖို့အခက်အခဲဖြစ်ကြတယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
မုန်းဇလဲကျေးရွာအုပ်စုတွင် လူဦးရေ(၂၉၂၇)ဦးကျော်နေထိုင်ပြီး စစ်ရေးအခြေအနေကြောင့်လည်း ခက်ခဲနေသည့် ရွာဖြစ်သည်။
#TachileikNewsAgency
Photo:CJ