ရန်ကုန်တွင် နေအိမ်ပေါ်ထိတက်ကာ အဖွားတစ်ဦးကို ပြန်ပေးဆွဲ၍ လက်ဝတ်ရတနာချွတ်ယူမှုဖြစ်

ရန်ကုန်တွင် နေအိမ်ပေါ်ထိတက်ကာ အဖွားတစ်ဦးကို ပြန်ပေးဆွဲ၍ လက်ဝတ်ရတနာချွတ်ယူမှုဖြစ်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် (၇၁)ရပ်ကွက်တွင် အဖွားတစ်ဦးကို နေအိမ်ပေါ်ထိတက်ကာ ပြန်ပေးဆွဲ၍ လက်ဝတ်ရတနာများ ချွတ်ယူမှု ၂၀၂၅ ခုနှစ် မတ်လ (၇)ရက်နေ့က ဖြစ်ပွားသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် (၁၀)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးသည် တောင်ဒဂုံ (၇၁)ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်သားများမရှိချိန် အသက်(၇၀)ဝန်းကျင်အရွယ်ရှိ အဖွားတစ်ဦးကို ဆေးကုသပေးမည်ဟုပြောဆို၍ အိမ်ပေါ်အထိ တက်ရောက်ခေါ်သွားသည်ဟု ဆိုသည်။

“ကျန်းမာရေးဌာနကလာတာ အဖွားနေမကောင်းဘူး ဆေးကုပေးမယ်ဆိုပြီး အိမ်ပေါ်အထိ တက်ခေါ်သွားတာ။ ခေါ်သွားတဲ့အချိန် အဖွားကမောနေလို့ဆိုပြီးတော့ Guest House ထဲခေါ်သွားပြီးတော့ နားကပ်ချွတ်ယူတာလို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါအမျိုးသမီးသည် အဖွားအား ခေါ်ဆောင်သွားကာ (၇၁)ရပ်ကွက်စျေးမှ (၇၀)ရပ်ကွက် ကျောင်းလမ်းမှတ်တိုင်အထိ (၃)ဘီးငှားကာ ထွက်သွားသည်ဟု ဆိုသည်။ 

ထို့နောက် ကျောင်းလမ်းမှတ်တိုင်မှတဆင့် ကားကြီးဂိတ်အထိ လမ်းလျှောက်ကြပြီး ကားကြီးဂိတ်သို့အ‌ရောက်‌တွင် မောနေသည့်အဖွားကို ကျန်းမာရေးဌာနက ဆိုင်ကယ်စောင့်မည်ဟုဆိုကာစောင့်ခိုင်း၍ ကားကြီးဂိတ်မှတ်တိုင်အနီးရှိ Guest House သို့ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တစ်ဦးကလည်း ရေးသားဖော်ပြထားသည်။  

Guest House အခန်းအတွင်းသို့အရောက်တွင် အိပ်ယာပေါ် တွန်းလှဲပြီး အဖွားဝတ်ဆင်ထားသည့် နားကပ်အား ချွတ်ခိုင်းရာ အဖွားက ချွတ်မပေး၍ ခေါင်းအုံးနှင့်ဖိသည်ဟု ဆိုသည်။

“နားကပ်ချွတ်ယူတော့ ပေးလိုက်ရတယ်။ အဖွားက အကူအညီတောင်းလို့ Guest House ဝန်းထမ်းတွေက လာဖမ်းတော့ နားကပ်ပြန်ပေးတယ်။ ပြီးတော့ အဖွားကို ဆိုက်တွဲပေါ်တင်ပြီး ပြန်ပို့လိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် အမျိုးသမီးတံခါးဖွင့်ချိန် အဖွားက အော်ဟစ်အကူအညီတောင်းရာ Guest House ဝန်းထမ်းများ ရောက်လာပြီး အဆိုပါအမျိုးသမီးအား ဝိုင်းဖမ်းဆီးနိုင်လိုက်သော်လည်း အမျိုးသမီးမှာ ထွက်ပြေးလွတ်မြောက်သွားဟု သိရသည်။

#TachileikNewsAgency

Photo: CJ