ကလေးမြို့ နတ်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဒေသခံများ၏ အလောင်း မကောက်နိုင်သေး

ကလေးမြို့ နတ်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဒေသခံများ၏ အလောင်း မကောက်နိုင်သေး
ဒီဇင်ဘာ 24, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ နေ့လည်ပိုင်းက ရဟတ်ယာဉ်ဖြင့် (၁၀)ကြိမ်ထက်မနည်းပစ်ခတ်ပြီး ညပိုင်းတွင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ထွက်ပြေးရင်းသေဆုံးရသည့် ဒေသခံများ၏အလောင်းကို ဒီဇင်ဘာလ (၂၄) ရက်နေ့မနက်တွင် တွေ့ရပြီး အလောင်းမလောက်နိုင်သေးကြောင်း သိရသည်။

နေ့လည်က ရဟတ်ယာဉ်နဲ့ ၁၁ ခေါက်ပစ်တယ်။ ရွာထဲကို တရစပ်ကိုပစ်တာ။ ညကျတော့ ကလေး TU (နည်းပညာတက္ကသိုလ်)ထဲကနေ အမြောက်နဲ့ပစ်တယ်။ လက်နက်ကြီးကတော့ အချက်မရေနိုင်အောင်ပဲ။ ရဟတ်ယာဉ်နဲ့ပစ်နေတော့ ထွက်ပြေးလို့မရဘဲ ရွာထဲ ပုန်းနေကြရတာ။ တစ်ချို့ ထွက်ပြေးမိတော့ လေယာဉ်ကပစ်တာထိတဲ့သူထိ၊ လက်နက်ကြီး ထိတဲ့သူထိဖြစ်ကုန်တာ။ ဒီမနက်မှ ကိုယ့်မိသားစုကိုယ်စစ်ပြီး အလောင်းကောက်ကြဖို့ ပြောထားရတာ။

ဟု နတ်ချောင်းရွာတွင်း ပစ်ခတ်မှု၌ ပိတ်မိနေခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ထွက်ပြေးလာနိုင်သည့် ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 အာဏာသိမ်းစစ်တပ်က နတ်ချောင်းရွာရှိ အခြေခံပညာစာသင်ကျောင်းတွင် တပ်စွဲထားခဲ့ပြီး  အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၃) ဦးတို့ကို ဖမ်းဆီးနှိပ်စက်သဖြင့် ယမန်နေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကလေးပကဖနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ရာ နေ့လည်ပိုင်းတွင် တိုက်ပွဲပြင်းထန်လာချိန်၌ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ် (၂) စီးဖြင့် (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ရွာကို ရန်သူခြေကုတ်စခန်း ပစ်သလို ပစ်ချသွားတာ။ (၂) စီးပေါင်း (၁၀) ကြော့လောက် ပတ်ပစ်တယ်။ အဓိက ထိမှာက ပျဉ်အိမ်လောက်ကို အကာအကွယ်မှတ်ပြီး နေကြမယ့် ရွာသူ ရွာသားတွေပဲ။ တော်တော်များများ ရွာကရှောင်မသွားနိုင်ကြဘူး။ ပိတ်မိနေတာ။

ဟု နတ်ချောင်းဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်က ကျေးရွာတွင်းကို တရစပ်ပစ်ခတ်သည့်အပြင် ရွာအနီးဝန်းကျင် တောအုပ်များဘက်ကိုပါ ပစ်ခတ်ခဲ့ပြီး ညပိုင်းတွင် ကျေးရွာတွင်းမှ နေအိမ်များကို မီးရှို့ခဲ့သဖြင့် နေအိမ် (၄) လုံးမီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

လက်ရှိတွင် နတ်ချောင်းရွာမှ ဒေသခံများသေဆုံးသည့်အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ  ကလေးလေဆိပ်ဘက်တွင်လည်း စစ်ရဟတ်ယာဉ် (၅)စီးကို ယနေ့နံနက်ပိုင်းတွင် တွေ့ရသဖြင့် ဒေသခံများ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။