ဂန့်ဂေါမြောက်ပိုင်း ကန်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားနှစ်ဦး သေဆုံး

ဂန့်ဂေါမြောက်ပိုင်း ကန်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားနှစ်ဦး သေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်‌မြောက်ပိုင်း ကန်ကျေးရွာကို စစ်ကောင်စီလေတပ်က ၂၀၂၅ခုနှစ် မတ်လ (၅)ရက်နေ့ ည(၇)နာရီခွဲကျော်တွင် လေကြောင်းတိုက်ခိုက်၍ အရပ်သား(၂)ဦး သေဆုံးပြီး နေအိမ်(၁၀)လုံး ပျက်စီးသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစ်စီးဖြင့် ကန်ကျေးရွာရှိ ဦးအောင်ကို၏ ဆိုင်ကယ်ပြင်ဆိုင်ကို ဗုံးကြဲချသွားခြင်းဖြစ်ပြီး ဦးအောင်ကို၏ ဆိုင်ကယ်ပြင်ဆိုင်အပါအဝင် နေအိမ်(၄)လုံး မီးလောင်ကာ အနီးရှိနေအိမ် (၆)လုံးလည်း ထိမှန်ပျက်စီးသည်ဟု ဆိုသည်။ 

“ဦးအောင်ဖြိုးတို့ လင်မယားနှစ်ယောက်သေဆုံးတယ်။ အရပ်သား (၄)ဦးကတော့ စိုးရိမ်ရအခြေနေနဲ့ ဆေးကုသမှု ခံယူနေရပါတယ်ဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၄၀)ဝန်းကျင်ရှိ ဒေါ်ထားမြင့်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့ရကာ ဒေါ်ထားမြင့်၏ ခင်ပွန်းဖြစ်သူ အသက်(၅၀)အရွယ် ဦးအောင်ဖြိုးမှာလည်း  ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေစဉ်အတွင်း ထပ်မံ‌သေဆုံးသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသူများမှာ အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်ဟု ယောအလင်းတန်းက ဖော်ပြထားသည်။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့ ညပိုင်းကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သည်။

#TachileikNewsAgency