လားရှိုးမြို့ မန်ဆူဘုရား တပေါင်းပွဲတွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်

လားရှိုးမြို့ မန်ဆူဘုရား တပေါင်းပွဲတွင် လောင်းကစားဝိုင်းများ စတင်ဖွင့်လှစ်

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူဘုရားဝန်းအတွင်း ကျင်းပသည့် တပေါင်းပွဲတွင် လောင်းကစားဝိုင်းများကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၅)ရက်နေတွင် စတင်ဖွင့်နေသည်ဟု ဒေသခံများထံမှ သိရသည်။

တပေါင်းပွဲတော်ကို လားရှိုးမြို့ မန်ဆူဘုရားဝန်းအတွင်း ၂၀၂၅ခုနှစ် မတ်လ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ လောင်းကစားဝိုင်းများအား ဆိုင်ခန်းတစ်ခုလျှင် ငွေကျပ်(၁)သိန်း အခွန်ဆောင်၍ ယနေ့ မတ်လ (၅)ရက်နေ့မှ စတင်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု သိရသည်။

“တစ်ညကို ဂလုံးဂလုံး ခုံတစ်ခုံ(၆ ကောင်ပါသည့် ကစားနည်း) တစ်သိန်း ပေးသွင်းရတယ်။ ဆိုင်ခန်းတွေကို မနေ့က ချပြီးပြီ။ ဒီနေ့ ဆိုင်တွေခင်းနေပြီ။ ဆိုင်ခန်းဖွင့်ချင်သူမှန်သမျှ ပေးမယ်ထင်တယ်။”ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

MNDAA သည် ငမန်းစက်၊ ခြောက်ကောင်ဂျင်၊ ညိုညို၊ ရှမ်းကိုးမီး၊ ပေါက်စီနှင့် ဖဲဝိုင်းများကိုပါ ခွင့်ပြုထားသည်ဟု သိရသည်။ 

“ဂလုံးခုံဆိုင် (၅၀) ဆိုရင် တစ်ညသိန်း (၅၀)ပဲ။ ဒါတောင် တခြားစျေးဆိုင်ခန်းနဲ့ အခြားဟာတွေမပါသေးဘူး။ နှစ်သစ်ကူးတုန်းကတောင် မောစတားကွင်းထဲမှာ အတိအကျ ဂလုံးခုံဆိုင် (၃၇)ဆိုင်ခွင့်ပြုခဲ့တယ်။ အခုတောင် အတော်စည်တယ်။ ဆိုင်ကယ်တွေ အပြည့်ပဲ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယခင် စစ်ကောင်စီလက်ထက်ကလည်း မန်ဆူဘုရားဝန်းအတွင်း လောင်ကစားနှင့် အားကစားပြိုင်ပွဲများကို တပြိုင်တည်း ပြုလုပ်ခြင်းရှိခဲ့သည်ဟု သိရသည်။

“အဲဒါမှ ရံပုံငွေရတာကိုး။ လောင်းကစားတော့ ဘုရားပွဲနဲ့ မအပ်စပ်ပါဘူး။ ဒါပေမဲ့ ခေတ်ပျက်ကြီးထဲ အလှူငွေရစရာ ပွဲကျင်းပနိုင်စရာ ရံပုံငွေလိုလာပြီလေ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

တပေါင်းဘုရားပွဲမှာ နှစ်စဥ်ကျင်းပနေသည့် ဗုဒ္ဓပူစနိယပူဇော်ပွဲဖြစ်ပြီး တပေါင်းလပြည့် နံနက်ပိုင်းတွင် သံဃာတော် အပါး(၃၀၀)ကို ဆွမ်းလောင်းကပ်လှူခြင်းလည်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency