ငလျင်လှုပ်ခတ်မှုကြောင့် ဧရာဝတီတိုင်း မအူပင်မြို့တွင် နေအိမ်နှင့် ဘုရားကျောင်းဆောင်များ ပြိုကျပျက်စီးသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၅)ရက်နေ့ နံနက်အစောပိုင်းက ဧရာဝတီတိုင်း ညောင်တုန်းမြို့နှင့် (၆)မိုင်အကွာတွင် ရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ မြေငလျင်အပါအဝင် (၄)ကြိမ် လှုပ်ခတ်သွားရာ မအူပင်မြို့ရှိ ဇောတိကာရုံကျောင်း ဘုရားဆောင်နှင့် နေအိမ်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။
“မအူပင်မြို့က စိမ်းမြကန်သာစေတီတော်ရဲ့ ပင်မဆောင်ပြိုကျသွားတယ်။ ဇောတိကာရုံကျောင်း ဘုရားဆောင်နဲ့ နေအိမ်အဆောက်အဦးတချို့လည်း ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယနေ့ နံနက်(၄)နာရီ (၃၆)မိနစ်တွင် ညောင်တုန်းမြို့အရှေ့ဘက် (၆)မိုင်အကွာ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ မြေငလျင်လှုပ်ခတ်သွားသည်ဟု သိရသည်။
နောက်ဆက်တွဲအနေဖြင့် ညောင်တုန်းမြို့အရှေ့ဘက် (၁၀) မိုင်ခန့်အကွာတွင် နံနက် (၄)နာရီ (၅၄)မိနစ်အချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်၊ နံနက်(၅) နာရီ (၂၀)မိနစ်တွင် ညောင်တုန်းမြို့မှ (၂၃)မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး(၃.၅)နှင့် နံနက်(၅)နာရီ(၂၃)မိနစ်တွင် ညောင်တုန်းမြို့မှ (၂၅)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့် မြေငလျင်လှုပ်ခတ်သွားသည်ဟု သိရသည်။
ငလျင်လှုပ်ခတ်ခြင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့များ ငလျင်ဒဏ်ကို ခံစားရသည်ဟု သိရသည်။
မတ်လ(၃) ရက်နေ့ကလည်း မင်းဘူးမြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး တိုက်ကြီးမြို၏ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာတွင်လည်း အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo:CJ