မကွေးတိုင်း မြိုင်နှင့် ပေါက်မြို့နယ်ရှိ ရေနံမြေများတွင် ကျင်းသစ်ထပ်မတူးရန်နှင့် လုပ်ငန်းရှင်နှင့် လုပ်သားများ၏ ကိုယ်ရေးအချက်အလက်ကိုပေးရန် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
၂၀၂၅ခုနှစ် မတ်လ (၃)ရက်နေ့ ထုတ်ပြန်ချက်တွင် မြိုင်နှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာမှုကြောင့် အရပ်သား (၁၄)ဦး သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရရှိခဲ့သည်ကို မှော်ပိုင်ရှင်များ၊ ကျင်းပိုင်ရှင်များနှင့် စက်ပိုင်ရှင်များအနေဖြင့် သိရှိပြီးဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် လေကြောင်းရန်ကို အတိုင်းအတာတစ်ခုမျှ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်၍ မြိုင်နှင့် ပေါက်မြို့နယ်တို့ရှိ ရေနံမြေတွင် ရေနံလုပ်ငန်း လုပ်ကိုင်နေကြသော မှော်ပိုင်ရှင်၊ ကျင်းပိုင်ရှင်နှင့် စက်ပိုင်ရှင်များအနေဖြင့် ရေနံကျင်းသစ်များ ထပ်မံမတူးဖော်ရန် ထုတ်ပြန်ထားသည်။
ထို့အပြင် ရေနံလုပ်ကွက်အတွင်းရှိ လုပ်သားများအားလုံး၏ အရေအတွက်စုစုပေါင်း၊ ကိုယ်ရေးအချက်အလက်နှင့် ဝင်၊ ထွက် သွားလာမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ သတင်းပို့ရမည်ဟုလည်း ထုတ်ပြန်ထားသည်။
ယနေ့နံနက်ပိုင်းတွင်လည်း မြိုင်ပကဖသည် မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတူးရန် နှင့် သူစိမ်းများအား စိစစ်ကြပ်မတ်ရန် အကြောင်းကြားစာထုတ်ပြန်သေးသည်။
ထုတ်ပြန်စာတွင် မြို့နယ်အတွင်းရှိ တာဝန်ယူဆောင်ရွက်နေသော ဇုန်၊ တိုက်နယ်၊ ရပ်ကျေးများအတွင် လူစိမ်းများ၊ အခြားမြို့နယ်များမှ လူများနေထိုင်ခြင်း၊ တည်းခိုနေထိုင်ခြင်းကိစ္စများကို မှတ်ပုံတင်နှင့်တကွ ထောက်ခံချက်ရယူပြီး စိတ်ချမှုရှိသောသူများကိုသာ လက်ခံရန်နှင့် စနစ်တကျ စိစစ်ကြပ်မတ်သွားရန် အကြောင်းကြားထားသည်ဟု သိရသည်။
ထို့အပြင် ဇုန်အတွင်း ဖွင့်လှစ်ထားသည့် စတားလင့်ဆိုင်များကို သေချာစိစစ်၍ တော်လှန်ရေးအဖွဲ့အစည်းများ ဆက်သွယ်ရေးအတွက်သုံးသော စတားလင့်မှလွဲ၍ ဖွင့်လှစ်ထားသော ဆိုင်များအားလုံး ယာယီပိတ်ပင်ရန်၊ ပြန်လည်ဖွင့်လှစ်ရမည့်အချိန်အား ပြန်လည်အကြောင်းကြားမည်ဖြစ်သည်ဟု ဆိုသည်။
အဖွဲ့အစည်းများ အသုံးပြုမှုတွင်လည်း မိမိတပ်ဖွဲ့မှလွဲ၍ တာဝန်ရှိသူများနှင့် ရဲဘော်များကိုသာ စိစစ်အသုံးပြု၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လေကြောင်းတိုက်ခိုက်မှု မခံရစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။
ဗုံးခိုကျင်းများကိုလည်း မတ်လ(၃)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ စနစ်တကျတူးစေပြီး ဆောင်ရွက်မှု ရှိ၊ မရှိကို ရပ်ကျေးတာဝန်ခံများက စစ်ဆေးရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် နေအိမ်များအား ဒဏ်ငွေချမှတ် အရေးယူရန်လည်း သတ်မှတ်ထားသည်။
ထို့အပြင် ဇုန်၊ တိုက်နယ်၊ ကျေးရွာများအတွင်းရှိ အလှူများ၊ မင်္ဂလာဆောင်များ၊ သာရေး၊ နာရေးပွဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ခံများထံ အဆင့်ဆင့်ကြိုတင်အကြောင်းကြားမှုပြုလုပ်၍ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ကြရန်လည်း အကြောင်းကြားထားသည်။
ယနေ့ မတ်လ(၄)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီသည် ဘောင့်ဘင်ရွာနှင့် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းတို့ကို လေကြောင်းတိုက်ခိုက်ရာ အရပ်သား(၂)ဦး ဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့က မြိုင်မြို့နယ် ဆုံကုန်းရွာတွင်ကျင်းပနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာပွဲကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နှင့် ဗုံးကြဲချသွားခြင်းကြောင့် အရပ်သား (၁၀)ဦးထက်မနည်းသေဆုံးကာ (၂၀)ဦးနီးပါးဒဏ်ရာရှိခဲ့သည်။
ယမန်နေ့ကလည်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရသည်။
စစ်ကောင်စီတပ်သည် မြိုင်မြို့နယ် ဆိပ်ချေးကျေးရွာ၊ ဂျုတ်ကုန်းရွာ၊ ဘောင်ဘင်ရွာ၊ ညောင်ကုန်းရွာ ဘုန်းကြီး ကျောင်း၊ ဆူးဝင်းရွာ၊ တောရွာ၊ ပေါက်မြို့နယ် လက်ပံတိုရွာ၊ သရက်ကန်ရွာ တို့ကို လေယာဉ်ဖြင့် ဗုံးကြဲချ၍ အရပ်သား(၁၃)ဦး သေဆုံးခဲ့ရသည်။
#TachileikNewsAgency