ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၀၁)ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် ဗုံးကြဲချသွားသည်ဟု ဒေသခံများထံမှ သိရသည်။
၂၀၂၄ခုနှစ် ဩဂုတ်လကတည်းက ခမရ(၅၀၁)တပ်ရင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက ဗုံးကြဲချမှုကြောင့် အဆောက်အဦး ပျက်စီးသွားသည်ဟု သိရသည်။
“လူထိခိုက်တာတွေတော့ မရှိဘူး။ ပျက်စီးတာတွေတော့ ရစရာမရှိတော့ဘူးပေါ့။ ဗုံးက နှစ်လုံးကြဲချသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမရ(၅၀၁)တပ်ရင်း အဆောက်အဦး ပျက်စီးသွားပြီး လူထိခိုက်မှုမရှိဟုလည်း TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။
“အဲဒီမှာ ဘာမှမထားဘူး။ တခုခုရှိတယ်ထင်ပြီးတော့ သူတို့ယူဆချက်နဲ့ ကြဲသွားတာနေမှာ။”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် TNLA နှင့် ဆွေးနွေးပွဲမပြေလည်သည့်နောက် TNLA ထိန်းချုပ်ဒေသများကို ဗုံးကြဲချနေ၍ ဖေဖော်ဝါရီလ တစ်လအတွင်း အရပ်သား (၁၃)ဦး သေဆုံးခဲ့ပြီး (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဒီရက်ပိုင်း လေကြောင်းတွေ တော်တော်သတိထားရမှာ။ မနေ့ညကဆို နမ့်ဆန်ဘက်ကို လေကြောင်းနဲ့ပတ်နေတယ်ပေါ့နော်။ ကွတ်ခိုင်ဘက်ကိုလည်း ပတ်ပျံနေတယ်။”ဟု TNLA ရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းအတွင်း TNLA သည် ရှမ်းမြောက်မှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို တာဝန်ယူထားခြင်းဖြစ်သည်။
#TachileikNewsAgency