အွန်လိုင်းမှတစ်ဆင့် ဆေးခြောက်ရောင်းချပြီး တစ်နှစ်လျှင် ဘတ် (၁) သန်း အမြတ်ရနေသည့် ထိုင်းအမျိုးသမီး အဖမ်းခံရ

အွန်လိုင်းမှတစ်ဆင့် ဆေးခြောက်ရောင်းချပြီး တစ်နှစ်လျှင် ဘတ် (၁) သန်း အမြတ်ရနေသည့် ထိုင်းအမျိုးသမီး အဖမ်းခံရ
ဖေဖော်ဝါရီ 24, 2025 | ကမ္ဘာ့သတင်း
By Mr John

 

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခန့်မှန်းခြေ တစ်နှစ်လျှင် ဘတ် (၁) သန်း အကျိုးအမြတ် ရရှိနေသော အွန်လိုင်းမှတစ်ဆင့် (၅) နှစ်ကြာ ဆေးခြောက်ထုတ်ကုန်များ ရောင်းချနေသူ အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ Wang Thonglang ခရိုင်၊ Khlong Chao Khun Sing ခရိုင်ခွဲရှိ ၎င်း၏ နေအိမ်နှင့် ဘန်ကောက်မြို့၌ပင်ရှိသော ဆေးခြောက်အရောင်းဆိုင်တို့ကို ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ရှာဖွေမှုအတွင်း ဆေးခြောက်ရှူရာတွင် အသုံးပြုသော shisha ၊ အီးစီးကရက် (electronic cigarettes) နှင့် သေနတ်များ အပါအဝင် ပစ္စည်း (၅၉) ခုကို သိမ်းဆည်းရမိခဲ့သည်။ 

၎င်းကို စားသုံးသူကာကွယ်ရေး စည်းမျဥ်းများ ချိုးဖောက်မှုဖြင့် စွဲချက်တင်ထားသည်။ 

စားသုံးသူကာကွယ်ရေး စည်းမျဥ်းများအရ shisha ၊ အီးစီးကရက် သို့မဟုတ် ကင်ဆာဖြစ်စေနိုင်သော သတ္တုဓာတ်များနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အပါအဝင် အန္တရာယ်ဖြစ် ထိခိုက်စေသော ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ထားသည်။

ထိုသို့ ရောင်းချပါက ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး အက်ဥပဒေ Consumer Protection Ace (2019) ကို ချိုးဖောက်မှုအတွက် (၃) နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဘတ် (၆၀၀,၀၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ 

အွန်လိုင်းမှတစ်ဆင့် ဆယ်စုနှစ်ထက်ဝက်ကြာ ဆေးခြောက်ရောင်းနေသူ အမျိုးသမီးကို ဖမ်းဆီးခဲ့ပြီးနောက် ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်ရန် Chokchai ရဲစခန်းသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။



ယခုလိုပင် ဘန်ကောက်မြို့က အမျိုးသား(၂)ဦးကိုလည်း အွန်လိုင်းပေါ်  မူးယစ်ဆေးဝါးများကို  ကြော်ငြာတင်ပြီး ဖြန့်ချိရောင်းချနေမှုအတွက် ဖေဖေါ်ဝါရီလ (၂)က ဖမ်းဆီးလိုက်သည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသည်။ 

Source: TheThaiger, Sanook 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...