ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) မကျရေး စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ တစ်ရက်တည်းတွင်ပင် လေကြောင်းမှ အကြိမ်(၂၀)ကျော် ဗုံးကြဲတိုက်ခိုက်သည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။
စစ်ကောင်စီ၏ စကခ(၂၁) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၆၆)တပ်စခန်းနှင့် ခလရ(၂၃၆)တပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညနေပိုင်းတွင် အပြီးသိမ်းလိုက်ရာ စကခ(၂၁)မကျရေး လေကြောင်းမှ အကြိမ်(၂၀)ကျော် ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဆိုသည်။
“စစ်ကောင်စီတပ်ဘက် စကခ ၂၁ မကျဖို့ MiG-29 ဂျက်တိုက်လေယာဉ်နဲ့ (၁၉)ကြိမ်၊ အတွဲလိုက်ဗုံးကြဲလေယာဉ် Y-12 နဲ့ ၅ ကြိမ် လေကြောင်းတိုက်ခိုက် ခုခံခဲ့တယ်။”ဟု KIA ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
KIA သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် သံချပ်ကာတပ်ရင်း၊ အမြောက်တပ်၊ လေယာဉ်ကွင်း၊ ခလရ(၂၃၆)နှင့် တင့်ကားတပ်ရင်းများကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
စစ်ကောင်စီတပ်သည် စကခ(၂၁)မကျရေး ဗန်းမော်တက္ကသိုလ်၊ တောင်လေးလုံး ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲခံခုနေသည်မှာလည်း ကြာပြီဖြစ်သည်။
တိုက်ပွဲများကြောင့် ဗန်းမော်မြို့သည် ၃ ပုံ ၂ ပုံဝန်းကျင် ပျက်စီးသွားပြီး ရှမ်းဝိုင်း၊ ခွန်သာ၊ (၂)မိုင်၊ သိမ်တော်ကြီးကျောင်းတိုက်၊ ကရင်ကုန်း၊ ပင်စင်ကုန်း၊ ရွှေကျီး၊ နမ့်ဖားတို့မှာ အပျက်အစီးများသည်ဟု သိရသည်။
#TachileikNewsAgency
Photo:ဗန်းမော် စကခ (၂၁) ကာကင်းတစ်နေရာ (Internet)