အဂတိလိုက်စားမှုကြောင့် တရားမဝင် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ကော်မရှင်က ပြည်သူပိုင်အဖြစ် သိမ်းဆည်းရန် အခွင့်အာဏာရှိသည်ဟု စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးစစ်အေးက ပြောသည်။
အာဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကောင်စီထောက်ခံသော သတင်းမီဒီယာကောင်စီတို့ နေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ တွေ့ဆုံကြစဉ် ကော်မရှင်ဥက္ကဌ ဦးစစ်အေးက ပြောဆိုခြင်းဖြစ်သည်။
အဂတိလိုက်စားမှုကြောင့် တရားမဝင် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ကော်မရှင်မှ ပြည်သူပိုင်အဖြစ်သိမ်းဆည်းရန် အခွင့်အာဏာရှိကြောင်း နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကော်မရှင် နှင့် သတင်းမီဒီယာကောင်စီတို့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရမည်ကြောင်း ဦးစစ်အေးက ပြောသည်။
သို့သော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် စစ်ဗိုလ်ချုပ်ကြီးနှင့် စစ်တပ်အသိုင်းအဝိုင်းများ၏ အဂတိလိုက်စားမှုများကို စစ်တပ်အာဏာသိမ်းပြီး (၄)နှစ်ကြာသည်အထိ သိမ်းဆည်းခြင်းများ မရှိသေးပေ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်က ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တွေ့ဆုံသော စစ်ကောင်စီထောက်ခံသော သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများသည် စစ်အစိုးရလက်ထက်က အဂတိမှုများကျူးလွန်သူများ ဖြစ်သည်။
“ဒေါက်တာ တင်အောင်ခိုင်ဆိုရင် သန်းရွှေလက်ထက်ကတည်းက မြို့တော်ဝန်ဦးအောင်သိန်းလင်းကို လဘ်ငွေထိုး၊ ကားတင်သွင်း၊ သစ်တင်သွင်းတာတွေ လုပ်ခဲ့သူ။”ဟု ဒေါက်တာ တင်အောင်ခိုင် ပိုင်သည့် News Weeks ဂျာနယ်တွင် အလုပ်လုပ်ခဲ့သူတစ်ဦးက Tachileik News Agency ကို ပြောသည်။
သတင်းမီဒီယာကောင်စီ ဥက္ကဌ ပြည်မြန်မာဂျာနယ် တိုက်ပိုင်ရှင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင်ထွန်းဦးမှာလည်း အဂတိမှုနှင့်မကင်းသူ ဖြစ်ဖြစ်ပြီး စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းကို နေစရာအိမ်ပေး၍ ကျွေးမွေးစောင့်ရှောက်ခဲ့သူ ဖြစ်သည်။
တွေ့ဆုံမှုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဘက်က ကော်မရှင်အကြောင်းနှင့် သတင်မီဒီယာ ကောင်စီဘက်က သတင်းမီဒီယာကောင်စီ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဆွေးနွေးကြသည်ဟုလည်း ဆိုသည်။