မြန်မာ - ထိုင်းနယ်စပ်ဒေသ ကရင်ပြည်နယ် မြဝတီမြို့နယ်တစ်ခုလုံးကို ထိုင်းအစိုးရအနေဖြင့် လျှပ်စစ်မီးနှင့် စက်သုံးဆီတင်ပို့မှု ဖြတ်တောက်လိုက်ခြင်းကို ဖြေလျှော့ပေးရန် မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်းက ထိုင်းအစိုးရထံ အသနားခံတင်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့် လောင်စာဆီကို မှီခိုနေရသည့် နယ်စပ်မြို့ မြဝတီတွင် ထိုင်းလျှပ်စစ်မီး ဖြတ်တောက် လိုက်ခြင်းကြောင့် အစိုးရရုံးများ၊ ဆေးရုံများအပါအဝင် မြို့ခံလူထုမှာ အခက်အခဲဖြစ်သွားသဖြင့် အသနားခံစာ ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြဝတီဒေသအာဏာပိုင်များနှင့် အရေးပေါ် အစည်းအဝေးပြုလုပ်ပြီးနောက် မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ကိုယ်တိုင် ထိုင်းဒုဝန်ကြီးချုပ်ထံ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မေတ္တာရပ်ခံစာတွင် စစ်ကောင်စီ၏ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက လက်မှတ်ရေးထိုး ထားပြီး အစိုးရ အဆောက်အဦးများနှင့် ဆေးရုံများကို လျှပ်စစ်မီး ချက်ချင်းပြန်ပေးရန်၊ မြဝတီရှိ စက်သုံးဆီပန့်တစ်ခုစီအတွက် ဆီဘောက်ဆာတစ်စီးနှုန်းဖြင့် ဆီဘောက်ဆာအစီး(၂၀)ကို တင်သွင်းခွင့်ပေးရန်နှင့် အဆိုပါ ဆီဖြန့်ဝေမှုကို မြဝတီဒေသအာဏာပိုင်တို့က ကြီးကြပ်မှုဖြင့် ဖြန့်ဝေမည်ဆိုသော အချက်များပါဝင်သည်ဟု သိရသည်။
နယ်စပ်ဖြတ်ကျော် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ပစ်မှတ်ထားလို ၍ မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်တို့ရှိ နေ ရာ(၅)ခုကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ပေးပို့နေမှုအား ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ(၅)ရက်နေ့တွင် ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခြင်းကြောင့် မြဝတီမြို့ရှိ ဆေးရုံများ၌ အထူးကြပ်မတ်ကုသခန်းမှ လူနာများအတွက် အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်း သင်းမြတ်ကဆိုသည်ဟု ထိုင်းသတင်းများကလည်း ဖော်ပြထားသည်။
အလားတူပင် စက်ဆုံးဆီတင်ပို့မှု ဖြတ်တောက်ခြင်းကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုအပြင် နယ်စပ်ကုန်သွယ် ရေးကိုပါ ဆိုးဝါးစွာထိခိုက်သည်ဟု သူကဆက်လက် ထောက်ပြသည်။
ကျားဖြန့်ဂိုဏ်းများရှိရာ ရွှေကုက္ကိုလ်နှင့် KK Park တို့အား ပိတ်သိမ်းရေး ထိုင်းနိုင်ငံက ကြိုးစားအားထုတ်မှုအပေါ် မြဝတီအနေဖြင့် ပံ့ပိုးကူညီမည်ဟုလည်း ကတိကဝတ်ပြုသည်ဟု ဆိုသည်။
“ကျားဖြန့်လုပ်တဲ့ ကိစ္စတွေကိုတော့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ သူတို့(ထိုင်းအစိုးရ)လုပ်တာတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။”ဟု မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က Tachileik News Agency ကို ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပြောသည်။
အခြားအခြေအနေများကို ထပ်မံမေးမြန်းနေစဉ် ဆက်သွယ်ရေး ဖုန်းလိုင်း အခက်အခဲကြောင့် မေးမရတော့ပါ။
ကျားဖြန့်ဂိုဏ်းများကဲ့သို့ တရားမဝင်လုပ်ငန်းနေရာများတွင် ထိုင်းလျှပ်စစ်မီးကို သုံးနေသဖြင့် မြန်မာနယ်စပ်ဒေသ (၅)နေရာအား ပေးပို့နေသည့် လျှပ်စစ်ဓါတ်အား ဖြတ်တောက်မည့်အကြောင်း ထိုင်းနိုင်ငံက စစ်ကောင်စီထံ ကြိုတင် အသိပေးခဲ့သော်လည်း အကြောင်းမပြန်ခဲ့ဟု ထိုင်းဒုတိယဝန်ကြီးက သတင်းဌာနများကို ပြောဆိုထားသည်။
ယင်းနောက် မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီတင်ပို့မှု ဖြတ်တောက်ရန် ထိုင်းနိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ(၄)ရက်နေ့တွင် ပြုလုပ်ပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းလျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် အဓိက ပစ်မှတ်ထားသည့် ရွှေကုက္ကိုလ် နှင့် KK Park အပါအဝင် ကျားဖြန့် လုပ်ငန်းနေရာများမှာ မီးစက်များဖြင့် ဆက်လက် လည်ပတ်နေကြသော်လည်း ထိုင်းလျှပ်စစ်မီး တစ်ခုတည်းကိုသာ မှီခိုနေရသည့် မြန်မာဘက် ဒေသခံ ပြည်သူများအနေဖြင့် စီးပွားရေး၊ ကျန်းမာရေး နှင့် လူမှုရေး ထိခိုက်မှုများပါ ခဏလေးအတွင်း ကြုံတွေ့လာရသည်။
မြန်မာ - ထိုင်းနယ်စပ် မြဝတီနှင့် တာချီလိတ်တို့တွင် နှစ်ဖက်နိုင်ငံမူဝါဒအရ ရံဖန်ရံခါ ယင်းကဲသို့ နယ်စပ်ကုန်သွယ်ရေးအပေါ် ကန့်သတ်မှု တစ်စုံတစ်ရာဖြစ်ပွားလာပါက နှစ်ဖက်ကုန်သည်ကြီးများအသင်းများက သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြတောင်းဆိုချက်များပြုလုပ်လေ့ရှိသည်။