ထိုင်းလျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် တာချီလိတ်မြို့တွင် လာအိုလျှပ်စစ်မီး ပိုမို အခိုင်အမာ ဖြစ်ရန် မြို့မီးလင်းရေးကော်မတီက ဆက်လက် လုပ်ဆောင်နေ

ထိုင်းလျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် တာချီလိတ်မြို့တွင် လာအိုလျှပ်စစ်မီး ပိုမို အခိုင်အမာ ဖြစ်ရန် မြို့မီးလင်းရေးကော်မတီက ဆက်လက် လုပ်ဆောင်နေ
ဖေဖော်ဝါရီ 5, 2025 | ရှမ်းရှေ့

 ထိုင်းအစိုးရက ထိုင်းနိုင်ငံနှင့် နီးစပ်သည့် မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး ရောင်းချထားမှုများကို ပြန်လည်ရုတ်သိမ်းမှုများ  လုပ်ဆောင်လိုက်သည့်အတွက် တာချီလိတ်မြို့အနေဖြင့်လည်း ထိုင်းလျှပ်စစ်မီးအစား လာအိုလျှပ်စစ်မီးကို အစားထိုး အသုံးပြုနေရာ လာအိုလျှပ်စစ်မီးကို အခိုင်အမာ ဖြစ်စေရန်အတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီက ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

" ထိုင်းကတော့ ပြတ်သွားပြီ လာအိုကရော ခိုင်မာရဲ့လားလို့ မေးခွန်းထုတ်စရာရှိတာပေါ့နော်။ လာအိုနဲ့ခိုင်မာမှုနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဘက်က လာအိုအစိုးရဲ့ ဝန်ကြီးဌာနအထိ တင်ပြဖို့ လုပ်နေပါတယ်။ လာအိုကလည်း တရုတ်ရဲ့ ဖိအားကြောင်းသော် လည်းကောင်း၊ ထိုင်းနိုင်ငံနဲ့ နိုင်ငံရေးအသွင်အပြင်လက္ခဏာကြောင့်သော် လည်းကောင်း တစ်ခုခု ဖြစ်သွားပြီဆိုရင် လက်ရှိကနေ လက်မဲ့ဖြစ်သွားနိုင်တဲ့အတွက် လာအိုဘက်ကိုလည်း ပြဿနာမရှိအောင် ဆောင်ရွက်နေပါတယ်။"ဟု တာချီလိတ်မြို့မီးလင်းရေး ဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ပြောသည်။

ထိုင်းအစိုးရက နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို   ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အချိန် တစ်နာရီခွဲအကြာ ပြုလုပ်ပြီး နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည် ဖြတ်တောက်ရေး အပြင်  အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီးနောက် ယနေ့ ဖေဖေဖာ်ဝါရီလ(၅)ရက်နေ့တွင် စတင် ဖြတ်တောက်ခြင်း ဖြစ်သည်။

ထိုသို့ ဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မီးလင်းရေး ဦးဆောင်ကော်မတီသို့ ချက်ချင်း အကြောင်းကြားခြင်း မရှိဘဲ ဖေဖော်ဝါရီလ(၄)ရက်နေ့ ည(၁၂)နာရီ ဝန်းကျင်အချိန်မှ အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းကတော့ ကြက်ကလေး ငှက်ကလေးလို လုပ်သွားတယ်။ မီးလင်းရေးလုပ်ငန်းရဲ့ ထိုင်းမှာဆို ရစရာတွေများကြီးပဲ  ဥပမာ  အာမခံငွေတွေ ဘာတွေရှိတယ်။ ကျွန်တော်တို့ဘက်က ပြဿနာ အကြောင်းအချင်းရာတွေ၊ ငွေရေးပြဿနာ အုပ်ချုပ်ရေးပြဿနာတွေ မရှိဘဲနဲ့ သူတို့လုပ်သွားတဲ့ အတွက်တော့ မကောင်းတော့ မကောင်းဘူးပေါ့လေ"ဟု ၎င်းက ဆက်လက် ပြောသည်။

ထိုင်းဘက်က ရက်ချိန်းယူကာ  ကြိုတင် အသိပေးအကြောင်းကြားမှုမရှိဘဲ ရုတ်တရက် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည့်အတွက် တာချီလိတ်မြို့မှ လျှပ်စစ်မီး အသုံးပြုသူများ အခက်အခဲမဖြစ်စေရန် တာချီလိတ်မြို့မီးလင်းရေး ဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က လာအိုလျှပ်စစ်မီးနှင့် ချိတ်ဆက်မှုကို နေ့ချင်းပြီး လုပ်ဆောင်နိုင်လိုက်သည့်အတွက် ဖေဖော်ဝါရီလ(၅)ရက်နေ့ ညနေ(၅)နာရီအချိန်က စပြီး မြို့တွင်း ရပ်ကွက်များသို့ ထိုင်းလျှပ်စစ်မီး အစား လာအိုလျှပ်စစ်မီးဖြင့် အစားထိုးပေးနိုင်ခဲ့ကြောင်း သိရသည်။ 

တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)သည် အစိုးရအဖွဲ့အစည်း၏ ကော်မတီမဟုတ်ဘဲ မြို့ခံလုထုဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။



လက်ရှိတွင် တာချီလိတ်မြို့ကလွဲ၍ ကျန် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခံထားရသည့် နယ်စပ်ဒေသမြို့ဖြစ်သည့်  မြဝတီ(ရွှေကုက္ကိုလ်) နှင့် ဘုရားသုံးဆူဒေသတို့မှာ လျှပ်စစ်မီး အစားထိုးရန် မရှိသည့်အတွက်  အခက်တွေ့နေကြောင်း သိရသည်။