တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို Covid-19 မတိုင်မီကလို ညပိုင်း အချိန်တိုးမြှင့် ဖွင့်လိုကြောင်း ထိုင်းဘက်က TBC အစည်းအဝေးတွင် တောင်းဆိုလိုက်သည်။
တာချီလိတ် နှင့် မယ်ဆိုင် နှစ်ဖက် ပြည်သူများ နေ့စဉ် ဖြတ်သန်းသွားလာမှု အဆင်ပြေရေး နှင့် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရန် အပြင် ခရီးသွားလုပ်ငန်း မြှင်တင်ရေးအတွက် ချစ်ကြည်ရေးအမှတ်(၁) တံတား၏ ဖွင့်ချိန်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အတိုင်း ယခုအခါ ပြန်လည်ပြီး အချိန်တိုးမြှင့် ဖွင့်လှစ်လိုကြောင်း ထိုင်းဘက်က တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
တံတားဖွင့်ချိန်အား မြန်မာစံတော်ချိန် နံနက်(၆)နာရီကနေ ည(၆)နာရီအထိ ဖွင့်လှစ်နေရာမှ ယခုအခါ နံနက်(၆)နာရီကနေ ည(၈)ခွဲအထိ တိုးမြှင့်ဖွင့်လှစ်လိုကြောင်း ထိုင်းဘက်က တင်ပြခြင်း ဖြစ်သည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား အကြိမ်(၁၀၀)မြောက် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အစည်းအဝေးကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်တာဟိုတယ်၌ ပြုလုပ်စဉ် ထိုင်းဘက်က ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအား ယခင်က နံနက်(၆)နာရီမှ ည(၆)နာရီအထိ ဖွင့်လှစ်ခဲ့ရာ နှစ်ဖက်ပြည်သူများ အဆင်ပြေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နှစ်ဖက် အစိုးရ သဘောတူညီချက်အရ မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည(၈)နာရီခွဲအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ခြင်းကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စတင်ခဲ့သော်လည်း Covid-19 ကြောင့် ညပိုင်းအထိ ဖွင့်လှစ်ခြင်းကို ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအထိသာ ဖွင့်လှစ်ခဲ့သည်။
နောက်ပိုင်းတွင် Covid-19 ရောဂါ စိုးရိမ်စရာ မရှိတော့သည့် အခြေအနေကြောင့် အဆိုပါ တံတားအား ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း နံနက်(၆)နာရီမှ ည(၆)နာရီအထိသာ ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ချစ်ကြည်ရေး တံတား (၂)စင်းရှိသည်အနက် အမှတ်(၂)တံတားမှာ ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုခြင်းဖြစ်ပြီး အမှတ်(၁)ကို နှစ်ဖက် ကား၊ ဆိုင်ကယ် နှင့် ခြေလျင်သွားလာသူများအတွက် အသုံးပြုသည်။
လက်ရှိတွင် ထိုင်းဘက်က မြန်မာနယ်စပ်ဘက် တရုတ်ဂိုဏ်းများ၏ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရေးအတွက်ဟုဆိုကာ လျှပ်စစ်မီး နှင့် စက်သုံးဆီ ဖြတ်တောက်ထားသည့် ဒေသများတွင် တာချီလိတ်မြို့လည်း အပါအဝင်ဖြစ်နေသည်။