ထိုင်းအစိုးရက ထိုင်းနိုင်ငံ၏ တဖက် နယ်စပ်ဒေသများကို ပေးထားသည့် လျှပ်စစ်မီးများ ပြန်လည် ဖြတ်တောက်လိုက်ချိန်တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်( Democratic Karen Buddhist Army - DKBA)ထိန်းချုပ်ဒေသတွင်းက ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများကို တိုက်ဖျက်သွားမည်ဟု DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးက ပြောသည်။
DKBA အနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက်ဖျက်နေသည့် လူကုန်ကူးခြင်း၊ လူလူချင်းညှင်းပမ်းနှိပ်စက်ခြင်းတို့ ကို နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဟုလည်း ဆိုသည်။
“မကောင်းတာကို ဘယ်လိုလုပ်ခံမလဲ။ ပြောချင်တာကတော့ သူများ သား၊သမီး နှိပ်စက်တာတို့ အနိုင်ကျင့်တာတို့ အဲ့ဒါကို လက်မခံဘူးလေ။ အဲဒါကြောင့် ထုတ်ပြန်တာပါ။ ကျားဖြန့်လုပ်ငန်းတွေ ကျွန်တော်တို့ နယ်မြေထဲမှာ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ တစ်ကမ္ဘာလုံးကြားရအောင် ကျွန်တော်တို့ ထုတ်ပြန်တာဖြစ်ပါတယ်။”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၅)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
DKBA ၏ ထုတ်ပြန်ချက်တွင် ဒေသခံများ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာနိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာသံရုံများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဟုလည်း ဆိုသည်။
“ကျွန်တော်တို့ အဲ့ဒီ ကျားဖြန့်ကော မူးယစ်ဆေးဝါးရော ကျွန်တော်တို့ ရွာသူရွာသားတွေလည်း ထိခိုက်တယ်လေ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ထိန်းချုပ်နယ်မှာလည်း ပိတ်တာပေါ့။”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကပြောသည်။
DKBA ထိန်းချုပ်နယ်မြေဖြစ်သည့် မြဝတီမြို့တောင်ဖက်၊ ဘုရားသုံးဆူ၊ ဝေါလေ၊ ကျောက်ခက်အစရှိသည့် ဒေသများကို ပိတ်ထားပြီဟု ဆိုသည်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ကျေးရွာရှိ ကာစီနိုလောင်းကစားရုံနှင့် ငွေလိမ်ဂိုဏ်းများတွင် ထောင်နှင့်ချီသည့် နိုင်ငံခြားသားများ ပိတ်လှောင်ခိုင်းစေခံနေရပြီး ကယ်ဆယ်ပေးရန် လိုအပ်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။
ကျောက်ခက်ရွာတွင် ကာစီနိုလောင်းကစားရုံနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း(၄၀)ဝန်းကျင်ရှိနေပြီး နိုင်ငံခြားသား ထောင်ချီခိုင်းစေခံနေရသည်ဟု သတင်းများထွက်ပေါ်နေသည်။
အဆိုပါကိစ္စကို ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး က အတည်ပြုပေးသွားခြင်း မရှိပါ။
လက်ရှိတွင် ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းများကြောင့် ဘုရားသုံးဆူဘက်သို့ပေးသည့် လျှပ်စစ်မီးကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ဖြတ်တောက်လိုက်ပြီဖြစ်သည်။
DKBA သည့် စစ်ကောင်စီနှင့် အပစ်ရပ်(NCA)လက်မှတ်ထိုးထားသည့် အဖွဲ့(၇)ဖွဲ့တွင် ပါဝင်သည်။