ကျားဖြန့်ဂိုဏ်းများနှိမ်နှင်းရေးအတွက် ထိုင်းနိုင်ငံရောက်နေသည့် တရုတ်ပြည်သူ့လုံခြုံရေးဌာန ဒုတိယဝန်ကြီးသည် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် တာချီလိတ် - မယ်ဆိုင်နယ်စပ်ကို သွားရောက်ကြောင်း သိရသည်။
နိုင်ငံဖြတ်ကျော်မှုခင်းများ၊ Call center ဂိုဏ်းခေါ် အွန်လိုင်းမှငွေလိမ်နေသည့်ဂိုဏ်းများနှင့် လူကုန်ကူးမှုများအား နှိမ်နှင်းရေးအတွက် တရုတ် ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီးသည် ထိုင်းနိုင်ငံရောက်ရှိနေခြင်းဖြစ်ပြီး မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် မြဝတီ - မဲဆောက်နယ်စပ်ကို ဇန်နဝါရီလ (၂၉)ရက်နေ့က သွားရောက်ခဲ့သည်ကိုလည်း တွေ့ရသည်။
မဲဆောက်ဘက်ကမ်းမှနေ၍ တစ်ဖက်မြန်မာနိုင်ငံရှိ မြဝတီဘက်ကမ်းမှ ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်အား လေ့လာခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ် - မယ်ဆိုင်ကို လာရောက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်နှစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများကို တရုတ်အစိုးရက နှိမ်နှင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံနှင့်ပူးပေါင်းကာ ကျားဖြန့်နှိမ်နှင်းရေးလုပ်ဆောင်ရန်ဆွေးနွေးနေကြခြင်းဖြစ်သည်။
အဆိုပါ ကျားဖြန့်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံပေါင်းစုံမှ လူကုန်ကူးခံရမှုများရှိနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှုနှင့် တရုတ်နိုင်ငံသားများအား ပစ်မှတ်ထား လိမ်လည်မှုများထွက်ပေါ်လာချိန်တွင် တရုတ်အစိုးရက ကျားဖြန့်များအား နှိမ်နှင်းလာခြင်းဖြစ်သည်။