သံတွဲတိုက်ပွဲတွင် အသေအပျောက်များနေသည့်စစ်တပ် စစ်ကူထပ်ပို့ကာ တပ်မိသားစုဝင်များကို လေယာဉ်နှစ်စီးဖြင့်ခေါ်ထုတ်

သံတွဲတိုက်ပွဲတွင် အသေအပျောက်များနေသည့်စစ်တပ် စစ်ကူထပ်ပို့ကာ တပ်မိသားစုဝင်များကို လေယာဉ်နှစ်စီးဖြင့်ခေါ်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အသေအပျောက်များနေသဖြင့် ငပလီကမ်းခြေရှိ တပ်ရင်းများထံ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၃)ရက်နေ့တွင် လေယာဉ်ဖြင့် စစ်ကူအင်အား (၁၀၀)ဝန်းကျင်ပို့ဆောင်ပြီး တပ်မိသားစုဝင်များအား ခေါ်ထုတ်သွားကြောင်း သိရသည်။

ရွှေလှေတိုက်နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အသေအပျောက် များနေခြင်းကြောင့် ငပလီကမ်းခြေရှိ ခလရ(၅၅)တပ်ထံ အင်အား (၁၀၀)ဝန်းကျင် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"လေကြောင်းနဲ့ လာဖြည့်တာ။ အင်အား(၁၀၀)ဝန်းကျင်လောက်ရှိတယ်။ ဗမာစကားမပြောတဲ့ တပ်သားတွေတောင်ပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အသေများနေသဖြင့် ခလရ(၅၅)နှင့် ခမရ(၅၆၆)တပ်တို့တွင် တပ်သားအင်အားပင်မရှိတော့ကြောင်း စစ်ကောင်စီတပ် အသိုင်းအဝိုင်းကဆိုသည်။

"နှစ်တပ်လုံး လူမရှိတော့ဘူး။ ဒီနေ့ လေယဉ်(၂)စီးအပြည့်နဲ့ ဒီက စစ်တပ်ထဲက မိန်းမနဲ့ ကလေးတွေ အကုန်ပြန်သယ်သွားတယ်။ တပ်အင်အား(၁၀၀)ကျော်လောက်ထပ်ပို့ပေးထားတယ်။ တပ်ထဲမှာ ပြည်သူ့စစ်နဲ့ ရဲပဲကျန်တယ်။ ရှိတာလဲ အဖိုးကြီးတွေ။"ဟု တပ်မိသားစုဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲစတင်ချိန်က စစ်ကောင်စီတပ်သည် ငပလီမြို့နှင့် သံတွဲမြို့အတွင်း ကားများဖြင့် မြို့ပတ်ကင်းလှည့်လေ့ရှိသော်လည်း လက်ရှိတွင် ကင်းလှည့်ခြင်းကို မတွေ့ရတော့ဟု ဒေသခံတစ်ဦးက ဆိုသည်။

"လေယာဉ်နဲ့ကော ကားနဲ့ပါ အင်အားလာဖြည့်ထားတယ်။ ကျွန်တော်အထင်တော့ ဧရာဝတီတိုင်းကတပ်တွေထင်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေလှေတိုက်နယ်အတွင်း မေလ(၁၃)ရက်နေ့ကစတင်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အသေများပြီး ချောင်းအတွင်း မျောပါနေသည့် ရုပ်အလောင်းများလည်းရှိကာ ကျေးရွာများအတွင်း သေဆုံးနေသည့် အလောင်းများပါ တွေ့နေရသည်ဟု သိရသည်။

#TachileikNewsAgency