တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းကျေးရွာအား စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီ ပကဖ ဇုန် - ( ၃ ) ထံမှ သိရသည်။
တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းကျေးရွာအား ဇန်နဝါရီလ ( ၂၉ ) ရက်နေ့ ည( ၆ ) နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်၏ မော်တုန်းအခြေစိုက် ( ၃၀၆ ) အမြှောက်တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ( ၃ ) စီးဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ရာ ဒေသခံများ၏ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ညောင်ပင်ကုန်းရွာက ဘန်းလမွတ်အုပ်စုထဲမှာ ပါတယ်။ ဘန်းလမွတ်အုပ်စုက အိမ်ခြေ ( ၄၀၀ )ကျော် လောက်ရှိတယ်။ ညောင်ပင်ကုန်းရွာက အိမ်ခြေ ( ၁၀၀ ) ကျော် လောက်ရှိတယ်။ စစ်ကောင်စီဘက်က လမ်းကင်း ( စစ်ကြောင်း ) ထိုးလာတဲ့အချိန်တွေဆို ရွာထဲမှာ လူတယောက်မှ မရှိဘူး ဥယျာဉ်ခြံမြေတွေထဲ သွားနေရတယ်။ အခုဖြစ်စဉ်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမ ရှိဘူး။ သူတို့ဘက်က နယ်မြေရှင်းလင်းရေး လုပ်လာတဲ့ သဘောလို့ ယူဆရတယ်ဗျ” ဟု တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်မှတဆင့် ပတ်ဝန်းကျင်သို့ မီးကူးခြင်း မရှိစေရန် ညောင်ပင်ကုန်းရွာအထက်ပိုင်း ဥယျာဉ်ခြံမြေများတွင် နေထိုင်သည့် ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“ အရင်က အဲ့လိုပဲ တကြိမ် တိုက်ခိုက်ခံခဲ့ရဖူးတယ်၊ အရင်အကြိမ်တုန်းက အရပ်သား မိန်းမ ( ၃ ) ဦး ထိခိုက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ တပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်အား စစ်ရေးသတိဖြင့် ရှောင်းရှားကြရန် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီ ပကဖ ဇုန် - ( ၃ ) က အသိပေးတိုက်တွန်းထားသည်။
#TachileikNewsAgency
Photo: နင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့