မြန်မာ - ထိုင်း နယ်စပ်တလျှောက် မြန်မာဘက် မြဝတီ နှင့် တာချီလိတ်မြို့တို့တွင်ရှိနေသည့် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှိမ်နင်းရေးအတွက် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်တွင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ရဲတပ်ဖွဲ့အသီးသီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့က ပြုလုပ်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပြည်ထဲရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရဲချုပ် နှင့် အကြီးအကဲများ၊ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ အဓိက ရှိနေသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်မှ ပြည်နယ်ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများအတွက် အခြေခံအဆောက်အုံ ငှားရမ်းကာ လုပ်ဆောင်မှုများ၊ ၎င်းတို့အသုံးပြုသည့် လျှပ်စစ်ဓါတ်အားကို အိမ်နီးချင်းနိုင်ငံက ရယူကာ အသုံးပြုနေမှုများ အပြင် အွန်လိုင်းအတွက် အင်တာနက်ကို ထိုင်းနိုင်ငံကနေ ရယူလုပ်ဆောင်နေခြင်းများ နှင့် ကျားဖြန့် နှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် အဓိက အားဖြင့် ပြည်ပနိုင်ငံသားများက ရင်းနှီးမြှုပ်နှံခြင်းများဖြစ်သည်ကို တွေ့ရှိနေရကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထိုင်းနှင့်နယ်စပ်ဒေသဖြစ်သည့် မြဝတီနှင့်တာချီလိတ်မြို့တို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းရေးနှင့် အဆိုပါနေရာများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသားများကို ကယ်တင်ရေးအတွက် မြန်မာ - ထိုင်း - တရုတ် (၃)နိုင်ငံ ပူးပေါင်းကာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး စီမံချက်များရေးဆွဲကာ လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း ဆွေးနွေးကြသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနသို့ တရုတ်သံရုံးက ၎င်းတို့ အလိုရှိနေသည့် တရုတ်တရားခံများနှင့် ကယ်တင်ရန်လိုအပ်သည့် တရုတ်နိုင်ငံသားများ၏ အမည်စာရင်းများကို ပေးပို့လာပြီး အကူအညီတောင်းခံထားသည်များရှိ၍ ဆက်လက်ပြီး နယ်စပ်မြို့တို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဖမ်းဆီးအရေးယူခြင်းနှင့် လူကုန်ကူးခံရသူများကို ရှာဖွေကယ်တင်ရေးလုပ်ငန်းများကို လာမည့် လများတွင် လုပ်ဆောင်သွားရန် အစီအစဉ်များရှိနေကြောင်း သိရသည်။
ဒေသအသီးသီးတွင် ကျားဖြန့် နှင့် Online Game လုပ်ငန်းနေရာများ မည်သည့်နေရာတွင်ရှိနေကြောင်းနှင့် လူကုန်ကူးခံနေရသည့် နိုင်ငံခြားသားများ မည်သည့်နေရာတွင်ရှိနေကြောင်းကို ဒေသ ရဲတပ်ဖွဲ့က အသိဆုံးဖြစ်သည်။