တာချီလိတ်မြို့တွင်းလမ်းတလျှောက် လမ်းဘေးဈေးသည်များကို ဖယ်ရှားပြီး အသစ်ဖွင့်လှစ်မည့်  Tachileik Night Market အတွက် စာရင်းများ လက်ခံနေ

တာချီလိတ်မြို့တွင်းလမ်းတလျှောက် လမ်းဘေးဈေးသည်များကို ဖယ်ရှားပြီး အသစ်ဖွင့်လှစ်မည့်  Tachileik Night Market အတွက် စာရင်းများ လက်ခံနေ
ဇန်နဝါရီ 17, 2025 | စီးပွားရေး| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဂေါက်ကွင်းလမ်းတလျှောက် Tachileik Night Market ဖွင့်လှစ်မည် ဖြစ်သည့်အတွက် လာရောက် ရောင်းချလိုသူများ အနေဖြင့် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နောက်ဆုံးထားကာ အောင်မြတ်ခန်းမတွင် စာရင်းလာရောက်ပေးရမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။

အောက်မြတ်ခန်းမတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအတွင်း လာရောက် စာရင်းပေးလျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ပုန်းထွန်ရပ်ကွက်မှ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မီးပွိုင့်အထိ အပါအဝင် လေယာဉ်ကွင်းလမ်းဆုံအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်တွင် ရောင်းချနေသည့် လမ်းဘေး ပျံ့ကျဈေးသည် နှင့် စားသောက်ဈေးသည်များ အားလုံးကို ဖယ်ရှားပြီး  တစ်နေရာတည်းတွင် ရောင်းချနိုင်ရန် Tachileik Night Market ကို ဂေါက်ကွင်းလမ်းတလျှောက်  ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik Night Market တွင် ရောင်းချမည့် ဈေးသည်များအပေါ် ကောက်ခံမည့် ငွေကြေးနှုန်းထားများနှင့် ပတ်သက်ပြီး အသိပေး ကြေငြာထားခြင်း မရှိသေးပေ။

Tachileik Night Market ဖွင့်လှစ်ပြီးပါက လက်ရှိ မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက် လမ်းဘေး ဝဲ/ယာနေရာများတွင် ပျံကျဈေးသည်များနှင့် အစားအသောက်ရောင်းချသူများ ရောင်းချခွင့်ရှိတော့မည်မဟုတ်ဘဲ ညဈေးအသစ်နေရာတွင်သာ ရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။