မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် COVID-19 ကာကွယ်ရေး ဒေသန္တရအမိန့်ကိုချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသူများထဲမှ ထိုင်းနိုင်ငံသူ (၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့တွင် ထပ်မံထိန်းသိမ်းထားပြီး ပါဝင်သူ အားလုံးကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
“မနေ့က (၉)ယောက်ဖမ်းမိတယ်။ အမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း အရေးယူထားပြီး စစ်ဆေးနေပြီ။ ဒီနေ့ ထိုင်းနိုင်ငံသူ (၂)ယောက်ထပ်ပြီး ဖမ်းမိတယ်။ ပါဝင်တဲ့သူတွေ အကုန်လုံးမိအောင်ဖမ်းမှာပါ။ ရဲတပ်ဖွဲ့က ဆက်ပြီး ရှာဖွေဖမ်းဆီးနေပါတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၁၃)ရက်နေ့တွင် ပြောသည်။
COVID 19 ကူးစက်ခံရခြင်း မရှိစေရန် လူစုလူဝေးပြုလုပ်ခြင်းအား ဧပြီလ (၃၀)ရက်နေ့အထိ ဒေသန္တရအမိန့်ဖြင့် တားမြစ်ထားခြင်းဖြစ်သော်လည်း ဝမ်ကောင်းရပ်ကွက်၊ သဇင်လမ်းရှိ Mr.CRUSH Bar တွင် ဧပြီလ (၁၂)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံသားများ အပါအဝင် လူစုလူဝေးဖြင့် သင်္ကြန်ပါတီ ကျင်းပခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ သင်္ကြန်ပါတီကျင်းပပုံကို Facebook မှ Live လွှင့်ခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့က သွားရောက်တားမြစ်ခဲ့ရာ ညနေ (၅)နာရီအချိန်တွင် ပါတီကို ပိတ်လိုက်ကြခြင်းဖြစ်ပြီး ဒေသန္တရအမိန့် ချိုးဖေါက်သူများအား အရေးယူပေးရန် အမှုဖွင့်တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များက ည (၇)နာရီဝန်းကျင်တွင် သွားရောက်ဖမ်းဆီးရာ ကနဦးတွင် Mr.CRUSH Bar မှ (၄)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သင်္ကြန်ပါတီတွင် ပါဝင်သူများ စာရင်းကို အဆိုပါ (၄)ဦးထံမှ စစ်ဆေးမေးမြန်းခြင်းအဖြစ် ည (၁၁)နာရီကျော်အထိ ဆောင်ရွက်ခဲ့ပြီးနောက် နောက်ထပ် ဖေါ်ထုတ်ချက်အရ (၅)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည့်အပြင် အဆိုပါ သင်္ကြန်ပါတီပွဲကို Live လွှင့်ခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲတပ်သားတစ်ဦးကိုလည်း ရဲ လုပ်ထုံး လုပ်နည်း၊ စည်းမျည်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
သင်္ကြန်ပါတီပွဲဆင်နွှဲသူများကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၀၅/၂၀၂၀ ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ ၃၀(က) ဖြင့် အမှုဖွင့်ထားပြီး ပါဝင်သူအားလုံး ဖမ်းဆီးရမိရေးဆောင်ရွက်နေဆဲဖြစ်သည်။
ဧပြီလ (၁၃)ရက်နေ့ ညနေပိုင်းအထိ သင်္ကြန်ပွဲ ဦးဆောင်ကျင်းပသူ နန်းစမ်မွမ်း၊ ပါဝင်သူများဖြစ်သည့် နန်းခမ်းပန်၊ စိုင်းဆမ်တစ်၊ ဆန်းလွင်ဌေး (ခ) ရဲရင့်၊ အားဆွယ်၊ အားတီ၊ ခမ်းအောင်၊ အားဟုန်၊ ရတနာဦး၊ ထိုင်းနိုင်ငံသူ (၂)ဦးဖြစ်သည့် ဒစ်ဆက်ဒိကမ်လိုခါရွတ်နှင့် အောနာဒွန်ဝုန်ငင်တို့ကို ဖမ်းဆီးရမိထားပြီး Live လွှင့်ခဲ့သည့် ရဲတပ်သား ဖေသက်ဟန်ကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်