နောင်ချိုမြို့နယ် ဆီစုံကျေးရွာကို စစ်ကောင်စီဗုံးကြဲ

နောင်ချိုမြို့နယ် ဆီစုံကျေးရွာကို စစ်ကောင်စီဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆီစုံကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု TNLA က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ ည(၉)နာရီတွင် ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးနှစ်လုံးကြဲချရာ ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသည်ဟု ဆိုသည်။ 

ထို့အပြင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်စခန်းမှ ဆမ္မဆယ်ကျေးရွာဘက်သို့ လက်နက်ကြီး (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ဆမ္မဆယ်ကျေးရွာမှ နေအိမ် (၂)လုံးအပါအဝင် ဂန့်ကော်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာကြားရှိ ချောင်းစိမ်းရထားလမ်းဘက်သို့ တစ်လုံးနှင့် ကျေးရွာအပြင်ဘက်တွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ 

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဆမ္မကျေးရွာရှိ အမှတ် (၁)သကြားစက်ရုံဝန်းသို့ တစ်လုံး၊ စက်ရုံဘေးသို့ နှစ်လုံး ကျရောက်ပေါက်ကွဲကာ စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

နောင်ချိုမြို့နယ်ကို TNLA က ထိန်းချုပ်ထားခြင်းဖြစ်ကာ ဇန်နဝါရီလ(၁)ရက်နေ့ကလည်း ကိုးကန့်တပ်ဖွဲ့(MNDAA) ထိန်းချုပ်နယ်မြေ သီန္နီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

တရုတ်၏ ကြားဝင်စေ့စပ်မှုကလအတွင်း သိန္နီမြို့ ဟိုတယ်အနီးသို့ စစ်ကောင်စီတပ်က ဗုံးကြဲချသွားခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးသူမရှိသော်လည်း နေအိမ်များ ပျက်စီးသွားသည်ဟု ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo:PSLF/TNLA News