စစ်ကိုင်းတိုင်း မုံရွာရဲစခန်း အချုပ်ခန်းတွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ဝေဒနာကို ပြင်းထန်စွာခံစားရပြီး သေဆုံးသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။
LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ သည် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဆိုးဝါးလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများထံ တင်ပြခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်ကုသခြင်းမပေးခဲ့ဘဲ အချုပ်ခန်းတွင်း၌ပင် ဆေးပုလင်းချိတ်ကုသပေးမှုများသာ လုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ဘုံဘုံသည် လမ်းကောင်းစွာ မလျှောက်နိုင်တော့သည့်အပြင် အစာမာများကိုလည်း စားသောက်နိုင်ခြင်းမရှိဘဲ ကျန်းမာရေးပိုမိုဆိုးဝါးလာခဲ့ပြီးနောက် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်သည်။
ဘုံဘုံသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီးတွင် ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့ဖြင့် ဖမ်းဆီးခံရကာ ယခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခံထားရသူဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ဖမ်းဆီးခြင်းမခံရစဉ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)၏ အဖွဲ့ဝင်တစ်ဦးအဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: Political Prisoners Network - Myanmar