စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်ရဲစခန်းမှ မြို့တွင်းကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အဖွဲ့ထံမှ သိရသည်။
ချောင်းဦးမြို့ပေါ်ရဲစခန်းမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ ည (၇)နာရီခန့်တွင် ထွက်လာပြီး မြို့တွင်းကင်းပတ်နေသည့် အင်အား (၁၀) ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ည (၈)နာရီ (၅၀)မိနစ်တွင် ချောင်းဦးမြို့တွင်း တစ်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးခန့် ထိခိုက်မှု ပြင်းထန်ခဲ့ပြီး အများစု သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အဖွဲ့က ဆိုသည်။
ထို့အပြင် ယနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ မနက် (၁၀)နာရီခန့်တွင်လည်း မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွေးတိုးဂိတ်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးအား ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ်မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး သေဆုံးသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
အထက်ပါ စစ်ဆင်ရေးဖော်ဆောင်မှု (၂)ခုလုံးအား မှတ်တမ်းဗီဒီယို ရရှိထားပြီး မှတ်တမ်းနှင့် နောက်ဆက်တွဲသတင်းများကို ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အဖွဲ့က အသိပေးသည်။
#TachileikNewsAgency
#TNA_LE