တောင်ကိုရီးယားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် လဝက ၏ ဖမ်းဆီးခြင်းကို ခံရသူများအား ဥပဒေဘောင်အတွင်းက ကူညီဆောင်ရွက်ပေးနေပြီး ရဲမှုခင်း ပြစ်မှု တစုံတရာ ကင်းရှင်းမှသာ ပြန်လည်လွတ်မြောက်ရန် လွယ်ကူမည်ဟု ကိုရီးယားဆိုင်ရာ NUG မြန်မာကိုယ်စားလှယ်ရုံး က အသိပေးကာ သတင်းထုတ်ပြန်ထားသည်။
"လဝက၏ အဖမ်းအဆီး ခံရလျှင် ရဲမှုခင်း ပြစ်မှု တစုံတရာ ကင်းရှင်းမှသာလျှင် ပြန်လည် လွတ်မြောက်ရန် အခွင့်အရေးရှိပြီး၊ ပြစ်မှုတစုံတရာ ရှိခဲ့လျှင် ပြန်လည် လွတ်မြောက်ရန် အခွင့်အရေးရှိမည် မဟုတ်ကြောင်း အသိပေးပါသည်။"ဟု ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့က အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကိုရီးယားဆိုင်ရာ NUG ကိုယ်စားလှယ်ရုံး အနေဖြင့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း၌ လဝက၏ ဖမ်းဆီးခံရသည့် ဗီဇာမဲ့ မြန်မာနိုင်ငံသား (၁၄)ဦးကို ပြန်လည်လွတ်မြောက်ရန် ဆောင်ရွက်ပေးခဲ့သလို ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) သက်တမ်းတိုးရန် အငြင်းခံရသူ တစ်ဦးကိုလည်း ပြေလည်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဖမ်းခံရသူများအနက် G1-99 ဗီဇာ ယူထားပြီး စာချုပ် မချုပ်ဘဲ အလုပ် လုပ်သဖြင့် အဖမ်းခံရသူ တစ်ဦးနှင့် ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) ယူထားပြီး အလုပ်ခွင်အတွင်း အဖမ်းခံရသူ (၃)ဦးတို့မှာ “ခွင့်ပြုချက်မဲ့ အလုပ် လုပ်မှု”ဖြင့် လဝကထံ ဒဏ်ကြေး ဝမ်သိန်းနှစ်ဆယ်စီ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
NUG ကိုယ်စားလှယ်ရုံးက အဆိုပါ ကိစ္စများအပြင် ကလေးမွေးစာရင်းနှင့် အိုင်ဒီကတ်လျှောက်ထားခြင်း ကိစ္စ၊ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း ကိစ္စများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံအတွင်း ရောက်ရှိ နေထိုင်ကြသည့် မြန်မာများအနေဖြင့် ယခုလို အခက်အခဲများနှင့် ကြုံပြီး အကူအညီလိုအပ်လာပါက မိမိတို့အနေဖြင့် တော်လှန်ရေးတွင် တတ်နိုင်သည့် ဘက်က ပါဝင်ထားသည့် ထောက်ပို့မှတ်တမ်းများ၊ လှုပ်ရှားမှု မှတ်တမ်းများ၊ သက်ဆိုင်ရာ သတင်းမှတ်တမ်းများကို ကြိုတင်စုဆောင်း ပြင်ဆင်ထားရန် လိုအပ်ကြောင်းနှင့် ယခုလို ဆောင်ရွက်မှုများမှာ ကိုရီးယားတွင် နေထိုင်ပြီး တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်နေသော မြန်မာနိုင်ငံသားများကို NUG ကိုယ်စားလှယ်ရုံး အနေနဲ့ တတ်စွမ်းသမျှ အကာအကွယ်ပေးခြင်း ဖြစ်ကြောင်း အသိပေးထားသည်။
တော်လှန်ပြည်သူများထဲက မည်သူမဆို ကိုရီးယားလဝက၏ အဖမ်းအဆီးနှင့်ကြုံရ၍ အကူအညီ လိုအပ်လျှင် ကိုယ်စားလှယ်ရုံး အလုပ်သမားရေးတာဝန်ခံ ဖုန်း 010-9146-7482 သို့မဟုတ် ရုံးဖုန်း 010-8227-4773 သို့ ဆက်သွယ်နိုင်ကြောင်းလည်း ထပ်လောင်း အသိပေးထားသည်။