ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ထုတ်ပြန်သည်။
မင်းတပ်မြို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာသဖြင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဘာသာရေးနှင့် သက်ဆိုင်သည့် အခမ်းအနားနှင့် ပွဲများ ၊ ရိုးရာပွဲလမ်းသဘင်များ လုံးဝမပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ဆိုသည်။
စစ်ကောင်စီမှ မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် လူစုလူဝေး ပြုလုပ်ခြင်း ၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်း မပြုလုပ်ကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၄)ရက်နေ့က အသိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ထပ်မံ သတိပေးခြင်းဖြစ်သည်။
ချင်းညီနောင် စစ်ဆင်ရေးအနေဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ရှိ စစ်ကောင်စီအထိုင်ချထားသည့် နေရာများကို နိုဝင်ဘာလ (၉)ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အများအပြား အသုံးပြု၍ ခုခံကာကွယ်လျက်ရှိသည်။
#TachileikNewsAgency
Photo: မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း