မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Freedom Fighter Guerrilla Force အဖွဲ့ထံမှ သိရသည်။
မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့် လယ်သစ်ကျေးရွာမှ မြင်းခြံမြို့အရှေ့ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးရန် ပျူစောထီးနှင့်စစ်တပ် အင်အား (၇၀) ခန့်ပါရှိသည့် ပူးပေါင်းစစ်ကြောင်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ (၆၀) မမ နှင့် (၄၀) မမ များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ လယ်သစ်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့က ဆိုသည်။
စစ်ကောင်စီစစ်ကြောင်း၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ ယခုအချိန်အထိ စစ်ကောင်စီမှ လေကြောင်းသုံး တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားပြီး သတိဖြင့် သွားလာနေထိုင်ကြရန် Freedom Fighter Guerrilla Force အဖွဲ့က တိုက်တွန်းထားသည်။
အဆိုပါ တိုက်ခိုက်မှုအား Freedom Fighter Guerrilla Force၊ 8 Stars၊ LACRနှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Freedom Fighter Guerrilla Force