တနင်္သာရီတိုင်း လောင်းလုံးမြို့တွင် နွားနို့ပို့သည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်သတ်လိုက်သည်ဟု Democracy Movement Strike Committee-Dawei ထံမှ သိရသည်။
ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်တွင် လောင်းလုံးမြို့နယ် အင်းဇောက်ရွာ၌ နွားနို့သွားပို့သည့် ဒေသခံအမျိုးသမီးကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မနက်(၅)နာရီလောက်မှာ သူက နွားနို့လိုက်ပို့နေကျပါ။ ပစ်လိုက်တာ သွေးအိုင်ထဲလဲကျနေတာ ဘယ်သူမှ သွားမကူနိုင်တော့ သေဆုံးသွားတယ်။”ဟု Democracy Movement Strike Committee-Dawei မှ ပြန်ကြားရေးတာဝန်ခံက Tachileik News Agency ကိုပြောသည်။
ပစ်သတ်ခံရသူမှာ အသက်(၅၀)ဝန်းကျင်ရှိ ဒေါ်နွဲ့သန်းဆိုသူဖြစ်ပြီး နွားနို့ပို့သွားရန် နေအိမ်မှ ဆိုင်ကယ်နှင့် ထွက်လာစဉ် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၁၂)ရက်နေ့ကတည်းက ထားဝယ်ဘက်မှ လောင်းလုံမြို့ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးသို့ အင်အားဖြည့်တင်းလာသည့် စစ်ကြောင်းဖြစ်ပြီး အင်းဇောက်ရွာသည် ထားဝယ်နှင့် လောင်းလုံမြို့ကြားတွင် ရှိသည်ဟု သိရသည်။
“မနက်မိုးလင်းနေပြီ လမ်းပေါ်မှာပဲ ဆိုင်ကယ်စီးလာတာကို ပစ်လိုက်တာက ရည်ရွယ်ချက်ရှိရှိပစ်တာ။ လူကိုမြင်ပြီး ရည်ရွယ်ချက်ရှိရှိပစ်တာ။ လူမှားစရာမရှိဘူး။ အမျိုးသမီးမှန်းလည်းသိရဲ့သားနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်။ မနေ့ကအလောင်း အိမ်ပြန်ရောက်တယ်။” ဟု ၎င်းကဆက်ပြောသည်။
အင်အား တစ်ရာဝန်းကျင်ပါရှိသည့် အဆိုပါ စစ်ကောင်စီတပ်သည် ဒေါ်နွဲ့သန်းကို ပစ်သတ်ပြီးနောက် ဒေသခံ (၄)ဦးကိုလည်း ထပ်မံဖမ်းဆီးစစ်ဆေး၍ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
ထို့အပြင် အောက်တိုဘာလ(၁၂)ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် ဒေသခံ လူငယ်အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ကဒက်ငယ်ထိန်ရွာမှ အသက် (၃၅)နှစ်အရွယ် ကိုမင်းအောင် နှင့် ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲ လဲနေသည့် အသက် (၇၃)နှစ်အရွယ် ဒေါ်ခင်မြင့်တို့ကို ပစ်သတ်ခဲ့သည်ဟု သိရသည်။
ယင်းနေ့တွင်ပင် အောက်ရေဖြူရွာအတွင်းသို့ သေနတ်များ ပစ်ခတ် ဝင်ရောက်ခဲ့ခြင်းကြောင့် နှလုံးရောဂါအခံရှိသည့် အသက် (၅၀)ဝန်းကျင်ရှိ ဒေါ်သက်သက်မှာ နှလုံးဖောက်သေဆုံးကာ အသက် (၂၅)နှစ်အရွယ် ကိုမင်းကိုကိုမှာလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည့် ကိုမင်းကိုကိုနှင့်အတူ အခြားလူငယ်တစ်ဦးတို့၏ လည်ပင်းလှီးဖြတ်ခံထားရသည့် ရုပ်အလောင်းများကို အောက်တိုဘာလ (၂၁)ရက်နေ့တွင် ညင်းမော်ရွာတွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency