ထိုင်း - မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းသို့ ဆွမ်းခံကြွကြသည့် အချို့သော ဆွမ်းခံကိုယ်တော်များ၏ ဝတ်နည်းနှင့်မညီသည့် ကိစ္စ နှင့် ပတ်သက်ပြီး အထူးကြပ်မတ်ပေးရန် ထိုင်းဘက်က အကြောင်းကြားလာမှုများရှိနေကြောင်း သိရသည်။
တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းသို့ ဆွမ်းခံကြွကြသည့် ရဟန်းသံဃာနှင့် သာမဏေများအနက် အချို့ ဆွမ်းခံကိုယ်တော်များ၏ ဝတ်နည်းနှင့်မလျော်ညီသည့် အပြုအမှုများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသည့်အတွက် တားဆီးပေးနိုင်ရန် ထိုင်းအွန်လိုင်း စာမျက်နှာများတွင် ထောက်ပြဝေဖန် ပြောဆိုမှုများရှိနေကြသလို မယ်ဆိုင်အာဏာပိုင်များကလည်း တာချီလိတ်ဘက် တာဝန်ရှိသူများထံ တရားဝင် အကြောင်းကြားထားခြင်း ဖြစ်သည်။
"မယ်ဆိုင်ဘက်မှာ ဆွမ်းခံကြွလာတဲ့ တာချီလိတ်က ဆွမ်းခံကိုယ်တော်တွေထဲက အချို့က ဝတ်နည်းနဲ့ မလျော်ညီတာမျိုးတွေရှိတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရလို့ဆိုပြီး မယ်ဆိုင်ဒေသခံတွေရဲ့ ပြောဆိုလာမှုများအရ ထိုင်းရဲလဝက ကနေ တဆင့် ပြောလာတာတွေရှိတယ်။ ထိုင်းကတော့ တာချီလိတ်ဘက် လဝကကိုရော ရဲကိုရော အကြောင်းကြားလာတာ"ဟု လဝက နှင့်နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ပြောသည်။
တာချီလိတ်ကနေ မယ်ဆိုင်ဘက်သို့ ဆွမ်းခံကြွသည့် ရဟန်၊ သံဃာ၊ သာမဏေများ အနေဖြင့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကနေ နယ်စပ်ဖြတ်သန်းလက်မှတ် ပြုလုပ်ရန်မလိုဘဲ ကြွရောက်ဆွမ်းခံခွင့်ပြုနေရာမှ ယခုအခါ နယ်စပ်ဖြတ်သန်းလက်မှတ် မပါရှိပါက တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"မယ်ဆိုင်ဘက်မှာ နံနက်ပိုင်းသွားတဲ့ အချိန်ဆို တွေ့ရတတ်တယ်။ လွိုင်ဘောင်းဈေးထဲတို့ ဈေးကြီးတဝိုက်တို့မှာပေါ့။ မလှူမချင်း ရပ်နေတာတွေ့ရတယ်။ တချို့နေရာမှာဆိုလည်း သပိတ်နဲ့အတင်းတွန်းပြီး အလှူခံတာလည်း တွေ့ရတယ်။ မယ်ဆိုင်ဘက်မှာက ထိုင်း ဆွမ်းခံကိုယ်တော်တွေကို သိပ်မတွေ့ရဘူး တာချီလိတ်ဘက်က ကြွလာတဲ့ ဆွမ်းခံကိုယ်တော်တွေကို ပိုတွေ့ရတတ်တယ်။ တခါတလေ ရဲကတောင် တားရတဲ့အထိ တွေ့ခဲ့ဖူးတယ်"ဟု မြင်တွေ့ခဲ့ရသည့် တာချီလိတ်ဒေသခံ တစ်ဦးက ပြောပြသည်။
မယ်ဆိုင်ဘက်သို့ ဆွမ်းခံကြွသည့် ဆွမ်းခံကိုယ်တော်အများစုမှာ ငွေကြေးကိုသာ အဓိက အလှူခံလေ့ရှိသည်ဟု သိရသည်။
“မယ်ဆိုင်မြို့ထဲမှာ ကိုရင်လေးတွေ နဲ့ ဦးဇင်းတစ်ချို့ လူတွေကြားထဲ အတင်းတိုးဝင်ပြီး သပိတ်ထိုးပြီး ငွေကြေးအလှူခံကြတာတွေရှိတယ်။ မုန့်တွေဘာတွေ လောင်းလှူရင်လည်း လက်မခံဘူး။ ငွေကြေးပဲ လက်ခံတာမျိုးပေါ့။ ထိုင်းက သင်္ကန်းအဝါ ဝတ်တာများပြီး မြန်မာကတော့ အညိုပေါ့။ အဲ့တော့ ဆွမ်းခံကြွလာရင် သင်္ကန်းအရောင်ကို ကြည့်တာနဲ့ မယ်ဆိုင်ကလား တာချီလိတ်ဘက်က လာတာလားဆိုတာ ထိုင်းတွေက သိနေတယ်။ ထိုင်း facebook group တွေမှာလည်း ပုံနဲ့တကွ ဒီကိစ္စ ရေးပြီး ပြောဆိုနေတာ ခဏခဏ တွေ့ရတယ်။ မြန်မာဘက်ကတော့ တံတားအထွက်မှာ လဝက က စစ်ဆေး တားဆီးတာမျိုးမရှိတော့ မယ်ဆိုင်ဘက်ကို ကြွလာတာက ရဟန်း/ကိုရင် အတုလား အစစ်လား ဆိုတာလည်း မသိနိုင်ဘူး "ဟု မယ်ဆိုင်မြို့တွင်းနေ မြန်မာဈေးသည် တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများအနေဖြင့် တရားဝင် အသိအမှတ်ပြု ကျောင်းပေါင်း (၁၄၂)ကျောင်းရှိပြီး အသိအမှတ်ပြုရန် လုပ်ဆောင်ဆဲ (၇)ကျောင်း နှင့် ဆိုင်းငံ့ထားသည့် ကျောင်း (၇)ကျောင်း ရှိသလို တရားမဝင်သေးသည့် ကျောင်းပေါင်းမှာလည်း စာရင်းအရ (၄၀)ကျော် ရှိနေရာတွင် အများစုမှာ မြို့တွင်းနှင့် နီးစပ်သည့် ကျောင်းများထဲကမှ အချို့ကျောင်းအနည်းငယ်ကသာ မယ်ဆိုင်ဘက်သို့ကြွရောက် ဆွမ်းခံလေ့ရှိသည်ဟု သိရသည်။
မယ်ဆိုင်ဘက် တရားမဝင် ဝင်ရောက်ပြီး အလှူခံသည့် ကိစ္စများနှင့် ပတ်သက်၍ မယ်ဆိုင်ဘက်က ဖမ်းဆီးပြီး တာချီလိတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးလာသည့်အတွက် လူဝတ်လဲပြီး နယ်နှင်ဒဏ်ပေးခဲ့ဖူးသည့် ဖြစ်စဉ် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တုန်းက ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင်လည်း ထိုင်းဘက်အာဏာပိုင်များက တာချီလိတ်ဘက် တာဝန်ရှိသူများထံ မကြာခဏ သတိပေး အကြောင်းကြားလာမှုများ ရှိနေကြောင်း သိရသည်။