မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံများအတွက် မငှဲ့ဘဲ နာမည်ကောင်းရလို၍ အား/ကာ ပိုင်မြေ တစ်ဝက်ကို အပိုင်ကြံကာ စုပေါင်းရုံးဆောက်ရန် ပြင်

မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံများအတွက် မငှဲ့ဘဲ နာမည်ကောင်းရလို၍ အား/ကာ ပိုင်မြေ တစ်ဝက်ကို အပိုင်ကြံကာ စုပေါင်းရုံးဆောက်ရန် ပြင်
သြဂုတ် 8, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့တွင် ဒေသခံ ပြည်သူများ အားကစားအတွက် အဓိက အသုံးပြုနေသည့် အား/ကာပိုင် မိုးလုံလေလုံအားကစားရုံရှိနေသည့် ဘောလုံးကွင်း နေရာကို မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံများအတွက် ရေရှည်အကျိုးကို မစဉ်းစားဘဲ ၎င်း နာမည်ကောင်းရလို၍   အား/ကာပိုင် မြေတစ်ဝက်ကို ရယူပြီး ခရိုင်/မြို့နယ်စုပေါင်းရုံးတည်ဆောက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ 

မိုင်းယောင်းခရိုင်/မြို့နယ်စုပေါင်းရုံးတည်ဆောက်ရန်အတွက် ခရိုင်ထွေအုပ်မှ ဒေသခံများနှင့် သက်ဆိုင်ရာဌာနကို ကြိုတင်အသိပေး ချပြခြင်းမရှိဘဲ အတင်းအဓမ္မ ရယူထားသည့် မြေနေရာမှာ မိုင်းယောင်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း ဧက (၂.၅၁၄)အကျယ်အဝန်းရှိ မြေနေရာဖြစ်သည်။

အဆိုပါနေရာကို  မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အမည်ဖြင့် မြေပေးမိန့်ခွင့်ပြုကြောင်း ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သည့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြပြီးနောက် ဇွန်လ(၂၃)ရက်နေ့တွင် မြေပေးမိန့် ထုတ်ပေးလာရာ  အဆိုပါ နေရာမှာ  မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှ တရားဝင် အပိုင်ဖြစ်ကြောင်း သိရသည်။

ဧက (၂.၅၁၄)အကျယ်အဝန်းရှိ မြေနေရာကို မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနပိုင်အဖြစ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် မြေပေးမိန့်ကို ၂၀၂၁ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ရက်စွဲဖြင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လက်မှတ်ရေးထိုးကာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

မိုင်းယောင်းမြို့သည် ထိုစဉ်က တာချီလိတ်ခရိုင်လက်အောက်တွင်သာရှိသေးပြီး ၂၀၂၂ခုနှစ်၊ ဧပြီ(၃၀)ရက်နေ့မှ စတင်ကာ မိုင်းယောင်းမြို့သည့် မိုင်းယောင်းခရိုင်လက်အောက်သို့ ရောက်ရှိခြင်း ဖြစ်သည်။ 

အဆိုပါ မြေနေရာတွင် ခရိုင်/မြို့နယ်စုပေါင်းရုံးတည်ဆောက်ရန် အတွက် ဆိုင်းဘုတ်စိုက်ထူပြီး အတော်ကြာမှ ၂၀၂၄ခုနှစ် ဩဂုတ်လ(၇)ရက်နေ့တွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းကို  ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူးရုံးတွင် မသိမသာ စာလာရောက် ကပ်ထားကြောင်းနှင့် ယင်းသို့ ကပ်ထားခြင်းမှာလည်း ဝေဖန်သံထွက်လာ၍ ကပ်ထားခြင်းဖြစ်ပြီး အလုပ်သဘောအရသာ ကပ်ထားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

"ဒေသခံ အများစုက ဌာနဆိုင်ရာရုံးတွေနဲ့ ရပ်ကွက်ရုံးတွေမှာ အခုလို ကြေညာစာကပ်ထားတာကို ဖတ်လေ့ ဖတ်ထမရှိဘူး။ သတိလည်း မထားမိကြဘူး။ အခုလို ထွေအုပ်က အပိုင်စီးပြီး အတင်းအဓမ္မလုပ်နေတာကို မြို့မိမြို့ဖတွေကလွဲရင် ဒေသခံတချို့လည်း မသိကြဘူး။ တကယ်တမ်း ဒေသခံတွေရဲ့ ဆန္ဒကိုရယူချင်တယ်ဆိုရင် အားလုံးကို ခေါ်တွေ့ပြီး ဒီကိစ္စကို ချပြ ရှင်းလင်းပြီး ဆန္ဒကို မေးလို့ရတာပဲ။ အဲ့လို လုပ်ရင် အဆင်ပြေနိုင်တာကို အခုတော့ စာကို အဖြစ်သဘော ခိုးကြောင်ခိုးဝှက် လာကပ်ထားသလို ဖြစ်နေတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဩဂုတ်လ(၈)ရက်နေ့တွင် ပြောသည်။

မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး  ဦးထွန်းထွန်းနိုင်သည် မိုင်းယောင်းဒေသခံများနှင့် ပတ်သက်၍ လုပ်ငန်းရှင်အနည်းစုနှင့်သာ အဆင်ပြေပြီး မုန်းလိုင်းချောင်းအတွင်း ရွှေတူးဖော်သည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း ငွေကြေးရယူကာ ခွင့်ပြုပေးခြင်း၊ ခရီးစဉ်များကို အကြောင်းပြပြီး လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများထံကနေ အလှူငွေအဖြစ် ကောက်ခံခြင်း၊ စကားပြော မောက်မာခြင်း၊ ရေရှည်ဒေသအကျိုးကို မကြည့်ဘဲ ၎င်းအတွက်သာ ကြည့်ခြင်းများကြောင့် ဒေသခံနှင့် ဆက်ဆံရေးတွက် နာမည်ဆိုးထွက်နေသူဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

"ကျွန်တော်တို့ မြို့ရဲ့  ဒေသခံတွေအတွက် အဓိကထဲက တခုဖြစ်တဲ့ ဒီနေရာကို စုပေါင်းရုံးဆောက်မယ်ဆိုတာ တကယ်ကို မဖြစ်သင့်ဘူး။ ဒီနေရာကို ခွဲယူလိုက်မယ်ဆိုရင် ဘာမှ သိပ်မကျန်ဘူး။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဒေသအတွက် မကြည့်ဘဲ သူ နာမည်ကောင်းရဖို့ သူ့အခွင့်အရေးရဖို့ပဲ လုပ်နေတာ။ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ လုပ်ရပ်က ဌာနချင်း ဇာတ်တူသားစားသလို ဖြစ်နေတယ်။ သူ့အနေနဲ့ မြေလွတ်နေရာတွေ ရှိနေတာပဲ။ မြေစာရင်းကို ခေါ်ပြီး ဘယ်နေရာတွေ လွတ်လဲဆိုတာ မေးပြီး ရွေးချယ်လို့ရတာကို အခုက အများပြည်သူ အသုံးချနေတဲ့ နေရာကို ဖဲ့ယူတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်း(ရှေ့)မှာ အနေကြာပြီဖြစ်တဲ့   လက်ရှိ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် အနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးစေချင်တယ်။ ဒီနေရာအစား တခြားနေရာမှာပဲ လုပ်စေချင်တယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

ဧက (၂.၅၁၄)အကျယ်အဝန်းရှိသည့် နေရာကို ခရိုင်ထွေအုပ်က  တစ်ဝက်ခွဲယူသည့်အနေဖြင့် (၁.၂၃၀)ဧကကို ရယူထားပြီး အဆိုပါနေရရာတွင် လတ်တလော၌ ဆိုင်းဘုတ်ထောင်ထားခြင်း နှင့် အလံနီထောင်ထားခြင်းများဖြင့် နေရာသတ်မှတ်ထားကြောင်း သိရသည်။

"ဒီနေရာ အပြည့်အဝ အားကစားလုပ်ဖို့ပဲ ထားစေချင်တယ်။  သူတို့က  ဒီနေရာမှာဘဲ မရမက အတင်းဆောက်ဖို့လုပ်နေတာ။  ဘယ်သူမှလဲ ပေါ်ပေါ်တင်တင် သွားမပြောရဲသလို ပေါ်ပေါ်တင်တင်လည်း မကန့်ကွက်ရဲကြဘူး။ သူတို့နဲ့ အဆင်မပြေဖြစ်သွားရင် ပြသနာရှာမှာစိုးလို့။ မိုင်းယောင်းမှာ   ထွေအုပ်က ဗိုလ်ကျနေတာ။ ဘယ်သူကမှလည်း မပြောရဲတဲ့ သဘောဖြစ်နေတယ်။ သူတို့နဲ့ နီးစပ်တဲ့ မြို့မိမြို့ဖတွေကလည်း မျက်နှာမပျက်ချင်လို့ ကန့်ကွက်တယ်လည်း မပြောသလို မကန့်ကွက်ဘူးလို့လည်း မပြောဘူး။ ဖာတိဖာသာ နေနေကြတယ်"ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

မိုင်းယောင်းမြို့တွင် အားကစားကွင်းအနေဖြင့် စံပြကျေးရွာတွင်   မြို့နယ်အားကစားကွင်း၊ ရပ်ကွက်(၄)တွင် မိုးလုံလေလုံအားကစားရုံနှင့်ဘောလုံးကွင်းတို့ ရှိရာ ဒေသခံများအားလုံးမှာ မြို့နယ်အားကစားကွင်းတွင် ဘောလုံးကန်ရ အဆင်မပြေ၍ ဘောလုံးကွင်းရှိသည့် မိုးလုံလေလုံအားကစားရုံတွင်သာ အားကစား လုပ်ဆောင်လေ့ရှိကြောင်း နှင့်  အဆိုပါနေရာတွင် အားကစားပွဲများ နှင့် ကျောင်းသားအားကစားပွဲ အပါအဝင် အပျော်တန်း ဘောလုံးကန်ခြင်းများ အထိ အဓိက ပြုလုပ်သည့် နေရာဖြစ်ကြောင်း  သိရသည်။