ရေတာရှည်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ကြားဖြတ်တိုက်ခိုက်

ရေတာရှည်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ကြားဖြတ်တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ကြောင်း နေပြည်တော်တပ်ရင်း ၈၀၄ ထံမှ သိရသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဖက်ကမ်း ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာသို့ အင်အား (၅၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့ မနက် (၇)နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်တပ်ဖွဲ့အကြား (၁)နာရီခွဲခန့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ကျွန်းတောကုန်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကာ (၆၀) မမ နှင့် (၁၂၀) မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု နေပြည်တော်တပ်ရင်း ၈၀၄ က ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များမှ နယ်မြေရှင်းလင်းခဲ့ရာ G-3 ကျည်ဆံ အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ နေ့လယ် (၁၂)နာရီခန့်တွင် စစ်ကောင်စီတပ်သည် စက်သေနတ်တင် သံချပ်ကာကားများ အပါအဝင် စစ်ကူများဖြင့် အင်အားဖြည့်တင်း၍ ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ (၁)နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂၄)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၄)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျူဟာအမှတ် (၁၇) လက်အောက်ရှိ နေပြည်တော်တပ်ရင်း (၈၀၄) ၊ (၉၀၁) ၊ RTC စစ်ကြောင်း၊ ကီးကူစစ်ကြောင်းနှင့် ပုဝါနီစစ်ကြောင်းအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Battalion 804 - Nay Pyi Taw PDF