ခမရ(၅၉၁)တပ်ရင်းမှ ထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်းတပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းမိ

Photo: ရေးဘီလူး
Photo: ရေးဘီလူး
ခမရ(၅၉၁)တပ်ရင်းမှ ထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်းတပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းမိ

မွန်ပြည်နယ်အတွင်း ရေးမြို့နယ် ကျောင်းကျေးရွာအခြေစိုက် ခမရ(၅၉၁)တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကို ဖမ်းဆီးရမိသည်ဟု ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ခမရ(၅၉၁)တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ရေးဘီလူးတပ်ရင်း တပ်ခွဲ(၂)က အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီမနက် ဝေလီဝေလင်းလောက်က သူ့ကို ဖမ်းဆီးရမိတယ်။ သူ့ကိုဖမ်းဆီးရမိတော့ ကျောင်းကျေးရွာ နဲ့ မီတာ ၁၀၀ ဝန်းကျင်လောက်မှာ ဖမ်းဆီးရမိတယ်ဗျ။ လက်နက်ခဲယမ်းတော့ မပါဘူး။ သူကတော့ စစ်တပ်ကို စိတ်ကုန်ပြီး ထွက်ပြေးလာပုံရတယ်။ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားတယ်။”ဟု ရေးဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဖမ်းဆီးရမိသူမှာ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှ စစ်ကောင်စီတပ်သား ကျော်ဇင်ဖြိုးဆိုသူဖြစ်ပြီး ၎င်းသည်ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းခံရသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းရွာကျေးရွာအခြေစိုက် ခမရ(၅၉၁)တပ်ရင်းသည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် အခြေအနေဖြစ်သည်ဟုလည်း သိရသည်။