မတ္တရာတွင် တိုက်ပွဲဖြစ်ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟု မန္တလေး PDF ထုတ်ပြန်

မတ္တရာတွင် တိုက်ပွဲဖြစ်ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟု မန္တလေး PDF ထုတ်ပြန်

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။

ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထိန်းချုပ်စိုးမိုးထားသောာ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာရက နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်သည်ဟု မန္တလေး PDF က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်ပင် ဒီဇင်ဘာလ (၃)ရက်နေ့တွင်လည်း တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

“တိုက်ပွဲအတွင်း စစ်သုံပန်း (၁)ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး ရန်သူ့အလောင်း (၇)လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့သည်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်တို့သည် မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများဖြစ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သိမ်းပိုက်ထားသည့် မြို့နယ်များကို ပြန်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တာဝန်ရှိသူထံ Tachileik News Agency က ဆက်သွယ်သော်လည်း အဆက်အသွယ်မရပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၂၇)ရက်နေ့ကစတင်၍ ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“အကြမ်းဖက် စစ်ကောင်စီသည် ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်သည်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က နိုဝင်ဘာလ ၂၇ ရက်နေ့က ဖော်ပြသည်။ 

နိုဝင်ဘာလ (၂၇)ရက်နေ့တွင် မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခြင်းကြောင့် သံဃာတော်(၁)ပါးနှင့် အမျိုးသမီးငယ်(၂)ဦးတို့ သေဆုံးခဲ့ရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)