မြန်မာနိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင်ထိုးစစ်များရပ်ဆိုင်းပေးရန်တောင်းဆိုချက်ဖြင့် MNDAA က တွေ့ဆုံဆွေးနွေးရန် အသိပေး

မြန်မာနိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင်ထိုးစစ်များရပ်ဆိုင်းပေးရန်တောင်းဆိုချက်ဖြင့် MNDAA က တွေ့ဆုံဆွေးနွေးရန် အသိပေး

နိုင်ငံခွဲထွက်ခြင်းမပြုလုပ်ဆိုသည့်အချက်အပါအဝင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြည်တွင်းရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် ပြည်သူလူထုအကျိုးကို ငဲ့ညှာထောက်ထားရန်၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ပြည်တွင်း စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ရန် ယင်းသို့ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

“MNDAA သည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်သစ်တည်ထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ပေ။”ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသည်။

စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းဖြစ်ပြီး နိုင်ငံတော် အချုပ်အချာအာဏာနှင့် နိုင်ငံပိုင် နယ်မြေတည်တံ့ခိုင်မြဲရေး ထိန်းသိမ်းကာကွယ်မည်ဟုလည်း ဆိုသည်။

ယနေ့မှစ၍ ရောက်ရာနေရာမှ MNDAA တပ်များ အပစ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြု ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းမည်ဟု မျှော်လင့်ကြောင်း ဖော်ပြသည်။

MNDAA ၏ တောင်းဆိုချက်တွင် စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင်ထိုးစစ်များရပ်ဆိုင်းပေးရန်၊ တွေ့ဆုံဆွေးနွေးရာတွင် MNDAA အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထားကွဲလွှဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း တောင်းဆိုထားသည်။

ထို့အပြင် MNDAA သည် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြောက်ပိုင်းညီနောင်မဟာမိတ်မှ TNLA က တွေ့ဆုံဆွေးနွေးရန် စာထုတ်ပြန်သော်လည်း စာထုတ်ပြန်ပြီး (၅)ရက်အကြာတွင် ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချခြင်းကြောင့် အရပ်သား(၁၀)ဦးသေဆုံးပြီး (၂၀)ဦး ဒဏ်ရာရသည်။

အာရက္ခတပ်တော်(AA)မှာ တွေ့ဆုံဆွေးနွေးရန် စာထုတ်ပြန်ခြင်းမရှိသေးသည့်အပြင် စစ်ကောင်စီတပ်၏ အမ်း အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

#TachileikNewsAgency

Photo: 3 Brotherhood Alliance (AA+MNDAA+TNLA)