ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းက ကျားဖြန့်လုပ်ငန်းတစ်ခုကို စစ်ကောင်စီတပ်ဝင်ဖမ်းရာ တရုတ်နိုင်ငံသား(၁၈)ဦး၊ မြန်မာနိုင်ငံသား (၂၇)ဦးနှင့်အတူ လက်နက်များပါဖမ်းမိသည်ဟု ဒေသခံများထံမှ သိရ သည်။
UWSA၊ SSPP၊ စစ်ကောင်စီနှင့် မိုင်းဟပြည်သူ့စစ်တို့ရှိရာ တန့်ယန်းမြို့နယ်အတွင်းရှိ နောင်ဟကျေးရွာက ကျားဖြန့်လုပ်ငန်းတစ်ခုကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ဖမ်းခြင်းဖြစ်သည်ဟု သိရသည်။
“ကွန်ပျူတာနဲ့ ကျားဖြန့်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိသွားတယ်။ လက်နက်တွေလည်းပါတယ်။”ဟု တန့်ယန်းဒေသခံတစ်ဦးက Tachileik News Agency ကို ဒီဇင်ဘာလ (၃)ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီဘက်ကထုတ်ပြန်ချက်တွင် အဆိုပါဖမ်းဆီးမှုမှ တရုတ်နိုင်ငံသား (၁၈)ဦး၊ မြန်မာနိုင်ငံသား (၂၇)ဦးနှင့်အတူ ကွန်ပျူတာ (၂၆)လုံး၊ စတားလင့်တစ်စုံ၊ ဘန်းတစ်ခု၊ ပစ္စတို (၂)လက်၊ Type-81 (၂)လက်၊ (၄၀)မမ လောင်ချာ တွဲတစ်ခု၊ ခဲယမ်းမျိုးစုံ၊ စကားပြောစက် (၆)လုံး၊ ဆိုင်ကယ် (၂)စီး၊ မီးစက်တစ်လုံး၊ Wifi စက် (၃)လုံး၊ ဖုန်းမျိုးစုံ အလုံး(၁၃၀)၊ လိုင်စင်မဲ့ (၆)ဘီးယာဉ်တစ်စီးတို့ကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။
UWSA က ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် တန့်ယန်းမြို့အတွင်းရှိ ကျားဖြန့်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား (၇၆၂)ဦးအပါ လူ(၁၀၀၀)ကျော်ကို ဖမ်းဆီးပြီးနောက် (၁၂)ရက်အကြာတွင် စစ်ကောင်စီတပ်ကလည်း ကျားဖြန့်လုပ်ငန်းတစ်ခုကို ထပ်မံဖမ်းဆီးပြခြင်းဖြစ်သည်။
UWSA ကဖမ်းဆီးသည့် တရုတ်နိုင်ငံသားများကို မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်ရှိ ဒီယုံးဟော့နယ်ခြားစောင့်ဂိတ်မှတဆင့် တရုတ်အစိုးရထံ လွှဲပြောင်းသည်ဟုသိရပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများအား မည်သို့ ထိန်းသိမ်းထားသည်ကိုမူ မသိရပါ။
“ရှမ်း၊ ဝနဲ့ ပြည်သူ့စစ်တွေ အတူတူပါပဲ။ ကျားဖြန့်ကပေါင်းစား။ သူတို့ထမင်းအိုးပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ထပ်မံပြောဆိုသည်။
တန့်ယန်းမြို့တွင်ရောက်ရှိနေသည့် ကျားဖြန့်လုပ်ငန်းများသည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက လောက်ကိုင်ဒေသများမှ တိမ်းရှောင်လာသူများဖြစ်သည်ဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ်ဒေသတွင် ကြီးထွားလာနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)များအား ထိန်းချုပ်ရန်နှင့် ပါဝင်ပတ်သက်နေသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်များအား နှိမ်နှင်းရန်အတွက် ၁၀၂၇ စစ်ဆင်ရေးကိုစတင်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၇)ရက်နေ့တွင် ညီနောင်သုံးဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး မြို့များကိုပါ ထိန်းချုပ်ကာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်များ၊ တရုတ်နိုင်ငံသားများအား ဖမ်းဆီး၍ တရုတ်အစိုးရထံအပ်နှံလိုက်ခြင်းကြောင့် အချို့ကျားဖြန့်လုပ်ငန်းများသည် စစ်ကောင်စီထိန်းချုပ်သော တန့်ယန်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
“ကျားဖြန့်လုပ်နေတာ ပြည့်သူ့စစ်ရောပါတယ်။ ဦးလောမားရဲ့ မိုင်းဟပြည်သူ့စစ်ပေါ့။ ကျားဖြန့်က အဲဒီအနီးတဝိုက်မှာ နေရာတိုင်းလိုလိုရှိတယ်။ “ဝ”က မိုင်းဟပြည်သူ့စစ်ဆီက အခွန်တောင်းတယ်။ သူတို့ကိုယ်တိုင်ကလည်း ခွင့်ပြုထားတာရှိတယ်။ SSPP က မိုင်းဟထဲမှာကိုနေပြီး လုံခြုံရေးပါယူပေးတယ်။ စစ်ကောင်စီလည်း အတူတူပဲ အခွန်မပေးရင် ဘယ်ရမလဲ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။
မိုင်းဟပြည်သူ့စစ်ထံမှ UWSA က ကျားဖြန့်ခွန်ကောက်သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအား Tachileik News Agency က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
SSPP မှ ပြောရေးဆိုခွင့်ရှိသူများအား Tachileik News Agency က ဖုန်းဆက်သွယ်ရာ ဖုန်းများအားလုံး စက်ပိတ်ထားသည်။
မိုင်းဟပြည်သူ့စစ်သည် မိုင်းရယ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တလျှောက် သွားလာလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်ကာ မိုင်းဟသည် တန့်ယန်း၊ မိုင်းရယ်မြို့နယ်တို့နှင့် နီးသည်ဟု သိရသည်။
တန့်ယန်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်သည် တပ်စခန်းဖြင့် အခြေချကာ UWSAမှာ ယာယီတပ်စွဲထားပြီး SSPPမှာ မြို့အနီး လှုပ်ရှားသွားလာသည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် တန့်ယန်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများကို TNLA တိုက်ခိုက်ရာ ဇူလိုင်လ(၁၀)ရက်နေ့တွင် UWSA က အင်အားထောင်ချီဖြင့် တန့်ယန်းမြို့ကို ဝင်ရောက်လာခြင်းဖြစ်သည်။
UWSA ဘက်ကမူ ရှမ်းမြောက်ဒေသက ကျယ်ပြန့်လာသည့် ပဋိပက္ခများ တန့်ယန်းဘက်ကူးမလာစေရန် တောင်းဆိုသည့်အတွက် UWSA က စစ်ကောင်စီနှင့် ဝင်ရောက်ညှိနှိုင်းခြင်းဖြစ်ကာ တန့်ယန်းဒေသ အေးချမ်းရေးအတွက် ရည်ရွယ်သည်ဟု ဆိုထားသည်။
#TachileikNewsAgency